သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင်အမှု အမေရိကန်သံရုံး အနီးကပ်စောင့်ကြည့်


ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ရဲ့ အမှုကို အမေရိကန် တာဝန်ရှိသူတွေက အနီးကပ် ဆက်လက် စောင့်ကြည့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ကိုညီညီအောင် အဖမ်းခံခဲ့ရပြီးနောက် စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ကိုညီညီအောင် အဖမ်းခံရပြီး နောက်ပိုင်း အင်းစိန် အကျဉ်းထောင်မှာ ၇ ကြိမ် သွားရောက်တွေ့ဆုံခဲ့ပြီး အမှုရုံးချိန်းပေါင်း ၁၂ ကြိမ်ကိုလည်း တက်ရောက်ခဲ့တဲ့အကြောင်း၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ကိုညီညီအောင်ရဲ့ အမှုကို တရားရုံးမှာ အပြီးသတ် လျှောက်လဲဖို့ စီစဉ်ထားတဲ့အကြောင်း ဒီနေ့ ဗွီအိုအေကို အကြောင်းကြားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ ကိုညီညီအောင်ရဲ့ အမှုကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ကိုင်တွယ်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက် ဖိအားပေးနေပါကြောင်း၊ ဒီအမှုအတွက် နောက်ဆုံးမှာ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့အတွက် သံတမန်ရေးအရ ဆက်လက်ကြိုးစား ချဉ်းကပ်နေပါတယ်လို့ ဒီနေ့ ဗွီအိုအေကို ပေးပို့တဲ့ သံရုံးရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG