သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီမှာ ကုလနဲ့ အမေရိကန် တပ်အင်အား တိုးမြှင့်


ဟေတီနိုင်ငံမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်သွားပြီး တပတ်အကြာ အမေရိကန် တပ်အင်အားတွေ ထပ်တိုးမြှင့်လိုက်ပါတယ်။ ဟေတီငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ဟေတီလုံခြုံရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂကလည်း သူ့ရဲ့ ငြိမ်းချမ်းရေးထိန်း တပ်တွေ ဟေတီမှာ ထပ်တိုးမြှင့်ချထားဖို့ သဘောတူလိုက်ပါပြီ။

ဟေတီမြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့က ပျက်စီးသွားတဲ့ သမ္မတနန်းတော်ရှိရာကို အမေရိကန် ရဟတ်ယာဉ်တွေ အင်္ဂါနေ့က ဆင်းသက်ခဲ့ပြီး တပ်ဖြန့် နေရာယူခဲ့သလို ကယ်ဆယ်ရေး အထောက်အပံ့တွေ ဝေငှပေးခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တဖွဲ့ကတော့ မြို့တော်ဆေးရုံကြီးဆီကို သွားပြီး လုံခြုံရေး ယူလိုက်ပါတယ်။ အဲဒီမှာတော့ ထိခိုက်ဒဏ်ရာရနေတဲ့ လူအတော်များများက တပ်ဖွဲ့ဝင်တွေကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ဟေတီမှာရှိပြီးသား ထောင်နဲ့ချီတဲ့ ကုလသမဂ္ဂ လုံခြုံရေးထိန်း တပ်တွေဆီကို ကုလသမဂ္ဂ လုံခြုံရေးထိန်းတပ် နောက်ထပ် ၂,၀၀၀ နဲ့ ရဲဝန်ထမ်း ၁,၅၀၀ ထပ်တိုးစေလွှတ်ဖို့ နယူးယောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကန့်ကွက်သူမရှိ ဆုံးဖြတ် သဘောတူလိုက်ကြပါတယ်။ အခုထပ်ရောက်မယ့် ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေဟာ လူသားချင်း စာနာ အကူအညီပေးနေတဲ့ အဖွဲ့တွေ လုံခြုံရေးအတွက် ကာကွယ်ကူညီသွားဖို့ အသုံးပြုမယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ် အကြီးအကဲ အလိန်း လီ ရွိုင်း (Alain Le Roy) က ပြောပါတယ်။

အခုလို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် တကမ္ဘာလုံးဟာ ဟေတီနိုင်ငံကို ကူညီဖို့ အသင့်ရှိနေတယ်ဆိုတာ ပြသတာပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောပါတယ်။

အမေရိကန် စစ်တပ်ကတော့ အစားအစာနဲ့ ရေ လိုအပ်ချက် အထောက်အပံ့တွေကို ရဟတ်ယာဉ်တွေနဲ့ ချပေးနေပါတယ်။ လေဆိပ်မှာ ပိတ်ဆို့နေတာတွေနဲ့ အခြားပြဿနာရပ် အမျိုးမျိုးကြောင့် ကယ်ဆယ်ရေး အထောက်အပံံတွေ မျှဝေရာမှာ အရင်က ကြန့်ကြာနေရပါတယ်။

ပြီးခဲ့တဲ့တပတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဟေတီမှာ လူ ၂၀၀,၀၀၀ နီးပါး သေဆုံးပြီး ဟေတီလူဦးရေရဲ့ သုံးပုံတပုံ လူဦးရေ ၃,၀၀၀,၀၀၀ လောက်ကို ထိခိုက်နစ်နာမှုတွေ ရှိစေနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG