ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ကွယ်လွန်သွားတဲ့ အမေရိကန် အရှေ့မြောက် မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် အက်ဒွပ် ကနေဒီ (Edward Kennedy) ရဲ့ နေရာမှာ အစားထိုးဖို့ ရီပတ်ဘလီကန် ပါတီဝင် စကော့ ဘရောင်း (Scott Brown) က အနိုင်ရရှိသွားပါတယ်။
မစ္စတာဘရောင်းရဲ့ အောင်ပွဲကြောင့် အမေရိကန် နိုင်ငံရေး အပေါ်မှာ ဂယက်ရိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အမေရိကန် အထက်လွှတ်တော်အမတ် ၁၀၀ အနက် ၄၁ ယောက်မြောက် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဖြစ်လာတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် အထက်လွှတ်တော်မှာ အနည်းစုဖြစ်တဲ့ ရီပတ်ဘလီကန် အမတ်တွေ အနေနဲ့ ဒီမိုကရက်ဘက်က ထောက်ခံတဲ့ မူကြမ်းတွေကို ရီပတ်ဘလီကန်တို့က ဟန့်တားဖို့ ပိုပြီး အခွင့်သာမှာ ဖြစ်ပါတယ်။
မစ္စတာဘရောင်းဟာ ဒီမိုကရက်ပါတီဝင် သမ္မတ အိုဘားမား (Obama) ရဲ့ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူ ဖြစ်တာကြောင့် ဒီမူကြမ်း အတည်ပြုရေးအတွက် ပိုပြီး အခက်အခဲတွေ တွေ့လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ဒါပေမဲ့ NBC ရုပ်မြင်သံကြားမှာ စကားပြောရာမှာ အထက်လွှတ်တော်အမတ် ဘရောင်းက သူ့ရဲ့အောင်ပွဲဟာ နိုင်ငံရေး သုံးသပ်နေသူတွေ ပြောနေကြသလို သမ္မတ အိုဘားမား အစိုးရကို သွေးတိုးစမ်း အကဲဖြတ်ဖို့သက်သက် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
သမ္မတ အိုဘားမားကလည်း မစ္စတာဘရောင်းကို ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောခဲ့ပြီး အမေရိကန်တလွှားမှာ အရေးတကြီး ရင်ဆိုင်နေရတဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို အတူတကွ လက်တွဲ ဖြေရှင်းသွားမယ်လို့ ကတိစကား ပြောခဲ့ပါတယ်။
တခြား ဒီမိုကရက်တစ် အမတ်က နှစ် ၅၀ နီးပါး စွဲကိုင်လာခဲ့တဲ့ နေရာကို ရီပတ်ဘလီကန်အမတ်က ရသွားတာမို့ စိတ်မသက်မသာ ဖြစ်ရသူတွေလည်း အများကြီး ရှိနေပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ္စတာဘရောင်းက မက်ဆာချူးဆက်ပြည်နယ် ရှေ့နေချုပ် မာသာ ကုတ်ခ်လေ (Martha Coakley) ကို ၅၂% - ၄၇% နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။