သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီမှာ ပြင်းထန်တဲ့ငလျင် ထပ်လှုပ်


ဟေတီနိုင်ငံမှာ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်တခု ဒီကနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲလောက်မှာ ထပ်ပြီး လှုပ်ခတ်သွားခဲ့လို့ အဆောက်အဦးတွေ တုန်လှုပ်ခဲ့ပြီး လူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က လှုပ်ခတ်ခဲ့တဲ့ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) ရဲ့ အနောက်မြောက်ဘက် ၃၆ မိုင် အကွာလောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် သတင်းတွေ ထွက်မလာသေးပါဘူး။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ပြင်းအား ၇ နဲ့ လှုပ်ခတ်သွားခဲ့လို့ လူပေါင်း ၂၀၀,၀၀၀ လောက် ဟေတီနိုင်ငံမှာ သေဆုံးမှု ရှိနိုင်တယ်လို့ အရာရှိတွေက ခန့်မှန်းထားပါတယ်။ အဲဒီငလျင်အပြီး ၈ ရက်မြောက် ဒီနေ့မှာပဲ နောက်တကြိမ် ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဟေတီနိုင်ငံ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်နိုင်ငံက သင်္ဘောတွေ ထပ်ပြီး စေလွှတ်နေပါတယ်။ အဲဒီထဲမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့တော် ပို့တ် အို ပရင့်စ် ဆိပ်ကမ်းက အပိုင်းအစ အကျိုးအပဲ့တွေကို ရှင်းလင်းနိုင်တဲ့ သင်္ဘောတစီးလည်း ပါဝင်ပါတယ်။

အဲဒီ ဆိပ်ကမ်းရှင်းလင်းရေး သင်္ဘောဟာ အကျိုးအပဲ့ အပိုင်းအစတွေကို ဖယ်ရှားပေးနိုင်ရုံတင်မက အရေးကြီးတဲ့ အကူအညီတွေ၊ အစားအသောက်တွေကို သယ်ဆောင်လာတဲ့ သင်္ဘောကြီးတွေကိုလည်း ကမ်းကပ်နိုင်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။

မနေ့တုန်းကတော့ အမေရိကန် ရဟတ်ယာဉ်တွေဟာ ဟေတီနိုင်ငံက သမ္မတ အိမ်တော်ဝင်းအတွင်း ဆင်းသက်ခဲ့ပြီး မြို့တော် ပို့တ် အို ပရင့်စ်မှာ တပ်ဖွဲ့တွေကို ချထားတဲ့ ကိစ္စနဲ့ အကူအညီပေးတဲ့ ပစ္စည်းတွေကို ဖြန့်ဖြူးတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီနေ့နှောင်းပိုင်းမှာတော့ ကုတင် ၁,၀၀၀ ပါ အမေရိကန်ရေတပ် စစ်သင်္ဘောဆေးရုံကြီး တစီး ဟေတီကို ဆိုက်ကပ်လာဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG