သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာစစ်အစိုးရအပေါ်မှာ စိတ်မရှည်နိုင်ဘဲ ပြောဆိုရတာဟာ မြန်မာပြည်က တိုးတက်မှုမရှိတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရောင်ပြန်ဟပ်နေတာမို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း အလားတူ သဘောထားအမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရက မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးတဲ့အပေါ် NLD အနေနဲ့ အားမလို အားမရ ဖြစ်မိတယ်၊ ဒါကြောင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မနေ့က အခုလို ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆိုတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောဆိုပါတယ်။

“ကျနော်တို့ လုပ်ငန်းဆိုတာ သိပ်ပြီးတော့ အဆင်ပြေတာကို ပေါ်ရမယ်လို့ မဆိုလိုဘူး။ သို့သော် တိုးတက်မှု (Development) ရှိရမယ်ဗျ။ Development ကို လုံးဝမတွေ့ဘဲနဲ့ ဒီလို အချိန်ကြာနေတာကတော့ ကျနော်တို့လည်း အားမလို အားမရ ဖြစ်နေတာပေါ့ဗျာ။ ဒါကြောင့် အမေရိကန်ရဲ့ အခု ပြောကြားချက်က လက်ခံထိုက်တဲ့ ပြောကြားချက်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။”

တကယ်လို့ စစ်အစိုးရဘက် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခဲ့ရင် အမေရိကန်အနေနဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို သိချင်တယ်လို့လည်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ ဒီအတိုင်းချည်းပဲ သွားနေခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ ဆိုတာကို ပြောသင့်တယ် ထင်ပါတယ်။ ဒါတော့ သူတို့လည်း စဉ်းစားမှာပေါ့လေ။ ပြောသင့် ပြောထိုက်တဲ့ အချိန်ဆိုတာကတော့ သူတို့ ဆုံးဖြတ်ရမှာပေါ့။”

စစ်အစိုးရက ဒီ ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့သာ ပြောဆိုနေပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမယ်ဆိုတာ အခုချိန်ထိ မထုတ်ပြန်သေးသလို ပါတီတွေ ဖွဲ့စည်းခွင့်၊ မဲဆွယ် စည်းရုံးခွင့်တွေလည်း မရှိသေးတာကြောင့် ဒီအခြေအနေမျိုးနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင် တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခု နှစ်မျိုး ကျနော်ပြောချင်ပါတယ်။ တမျိုးက အခုချိန်ထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ဘာမှမရှိဘူး။ ၂၀၁၀ လုပ်မယ်လို့သာ ပြောတယ်။ အခု ဇန်နဝါရီ ကုန်တော့မယ်။ အဲဒီတော့ အရင် တွေ့ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြောရရင် ၉၀ ရွေးကောက်ပွဲက ၁၃ လ ကြာပါတယ်၊ ကြေညာချက် ထွက်ပြီးတော့။ ၁၃ လအကြာမှာ ကျင်းပတယ်။ အခု အချိန်မရှိတော့တဲ့အခါ၊ အဲဒီလောက်ကို မရှိတဲ့အတွက် Free and Fair ဖြစ်ဖို့ အတော်ခဲယဉ်းနေပြီလို့ ကျနော် ထင်ပါတယ်။

“နောက်တခုက အခုအချိန်ထိ ဘယ်ပါတီ၊ အဖွဲ့အစည်းမှ ရွေးကောက်ပွဲဆိုင်ရာ ကမ်ပိန်း (Campaign)၊ စည်းရုံးလှုပ်ရှားခွင့် မရှိဘူး။ ဒီလို မရှိတဲ့ အခြေအနေမှာ ၂၀၁၀ ထဲမှာသာ လုပ်မယ်ဆိုရင် Free and Fair ဖြစ်ဖို့ အချိန်လုံလောက်မှု မရှိတော့ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလိုလုပ်မယ်၊ အချိန်နည်းနည်းပဲ ရှိမယ်ဆိုရင်တော့ Free and Fair မဖြစ်သလို Credibility တန်ဖိုးလည်း သိပ်ရှိမှာ မဟုတ်ဘူးလို့ပဲ ကျနော် မြင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ အခုလို ပြောဆိုချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံမှာ အထူးသဖြင့် အပြောင်းအလဲတွေ ဖြစ်ဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီအစိုးရနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးတွေ့အောင် အမေရိကန် ကိုယ်စားလှယ်တွေက နောက်ထပ် တွေ့ရှိချက်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ တိုးတက်လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျနော်တို့က စောင့်ကြည့်နေတဲ့သဘော ရှိတယ်။

“ဒီနေရာမှာ တခုပြောချင်တာက မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ အချိန် သိပ်အများကြီး ပေးနေလို့တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အတိုင်းအတာ တခုအထိတော့ သူတို့ ကြိုးပမ်းဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံချင်တယ်လို့ တောင်းဆိုထားတာကို လိုက်လျောပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို နအဖဘက်ကလည်း လုပ်ဖို့လိုမယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ အကျိုးရှိမယ့် လုပ်ငန်းတွေကို လက်တွဲ ဆောင်ရွက်ချင်တယ်၊ ဒါတွေအတွက် တွေ့ချင်တယ်လို့ တောင်းထားတဲ့ အပေါ်မှာရော၊ အမေရိကန်နိုင်ငံရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာရော အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် အမြန်ဆုံးနည်းနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ နောက်တဆင့် တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ရွေးကောက်ပွဲ မလုပ်မီ အမြန်ဆုံး တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ လိုမယ်လို့ မြင်ပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရက မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှုတွေ မလုပ်ဆောင်သေးတဲ့အပေါ် အမေရိကန်ဘက်က စိတ်မရှည်တော့ဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင် တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG