သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စ အမေရိကန် မဝေဖန်နိုင်သေး


မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ သုံးသပ်ပြောနိုင်ဖို့ စောနေသေးတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်ကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ ဆွေးနွေးမှုတွေက ပထမအဆင့်မှာပဲ ရှိနေသေးပြီး မြန်မာဘက်ကလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းပြဖို့ လိုတယ်ဆိုတာကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတခုမှာ မစ္စတာကမ်းဘဲလ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အာရှဒေသက အစိုးရတွေအပေါ် စီးပွားရေး၊ သံတမန်ရေး၊ အမျိုးသား လုံခြုံရေးပိုင်းဆိုင်ရာ မူဝါဒတွေနဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို သုံးသပ်ပြီး ဒီမူဝါဒတွေဟာ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ အပြန်အလှန် ဆက်ဆံရေးမှာ ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာကို အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီမှာ ကြားနာတာ ဖြစ်ပါတယ်။

“အမေရိကန်အစိုးရ အနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေ ဆောင်ရွက်တဲ့နေရာမှာ အပြောနဲ့အလုပ် ညီဖို့ အင်မတန် အရေးကြီးပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ အစိုးရစနစ်တွေ ရှိကြတဲ့ အာရှနိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ဆက်ဆံတဲ့ တိုင်းပြည်အပေါ် လိုက်ပြီး အမှန်အမှား၊ အကောင်းအဆိုးတွေ ပြောင်းလဲနေတယ်ဆိုပြီး စွပ်စွဲခံရမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး အခြေအနေ တခုတည်းကို မကြည့်ဘဲ အာရှက စနစ်ကွဲပြားတဲ့ အစိုးရတွေနဲ့ အမေရိကန် ဆက်ဆံရေးကို ဘယ်လိုသတ်မှတ်လဲ ဆိုတာကို ဒီကြားနာပွဲမှာ ဆွေးနွေးခွင့်ရပါတယ်။”

ကြားနာပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်သူ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ပြောသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးတင်ပြသူကတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ တဖက်သတ် ဖြစ်နေလို့ မရပါဘူး။ ကျနော်တို့ဘက်က ဘာတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးပြီးသားပါ။ တချို့ကိစ္စတွေကိုလည်း လုပ်ခဲ့ပြီးပါပြီ။ မြန်မာစစ်အစိုးရ အနေနဲ့ ရှေ့ဆက် ဘာလုပ်သွားဖို့ ရည်ရွယ်ချက်ရှိတာလဲ ဆိုတာကို ကျနော်တို့ဘက်က သိချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တဲ့အခါ စိန်ခေါ်မှုတွေ ရှိမယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဆက်ဆံရေးဟာလည်း အစပိုင်းပဲ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို မြင်ရဖို့ အရေးကြီးပါတယ်။”

မြန်မာနိုင်ငံမှာ အကြာခင် လုပ်တော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အမေရိကန် အစိုးရက သုံးသပ်ပြောနိုင်ဖို့ စောနေသေးတယ်လို့ မစ္စတာကမ်းဘဲလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထား ဆုံးဖြတ်ရမလဲ ဆိုတာကို ကျနော်တို့ လုံလုံလောက်လောက် ဘာမှ မသိရသေးပါဘူး။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ဖို့ နိုင်ငံတွင်းက အဓိကကျတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကို ကျနော်တို့က မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီးသားပါ။”

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လက သွားခဲ့တဲ့ မစ္စတာဝက်ဘ်ကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ မြင်ပါတယ်။

“ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ ပါဝင်ခွင့်ပေးရင် အမေရိကန်နဲ့ မြန်မာအစိုးရရဲ့ ရှေ့လျှောက် ဆက်ဆံရေးအတွက် အထောက်အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော် မြန်မာနိုင်ငံသွားခဲ့တဲ့ သြဂုတ်လကတည်းကဆိုရင် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ အများကြီးရှိတယ်လို့ ကျနော် ထင်ပါတယ်။ မျှမျှတတ ရွေးကောက်ပွဲ လုပ်ပါလို့ အားပေးနိုင်တဲ့ အခွင့်အလမ်းတွေ အမေရိကန် ရလာတယ်၊ နောက် အမေရိကန်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရလာပါတယ်။”

အာရှဒေသတွင်း အမေရိကန်ရဲ့ ဆက်ဆံရေးဆိုင်ရာ ကြားနာပွဲမှာ အာဆီယံဒေသတွင်း နှီးနှောဖလှယ်မှုတွေမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိလာတဲ့ကိစ္စ၊ အစိုးရစနစ်တွေ မတူကြတဲ့ အာဆီယံအဖွဲ့ကြီး အတွင်းမှာ တိုးတက်မှုတွေ ကွာခြားတဲ့ကိစ္စ၊ အာရှနိုင်ငံတချို့မှာ အင်တာနက် ဆက်သွယ်မှုကို လွတ်လွတ်လပ်လပ် မလုပ်နိုင်ကြတဲ့ ကိစ္စတွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အာရှဒေသအပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှုဟာ လုံခြုံရေးအရ စိုးရိမ်စရာတွေ ရှိနေတဲ့ တောင်အာရှအပေါ်မှာပဲ အလေးသာတယ်ဆိုတာ မဟုတ်ဘူး ဆိုတာကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောသွားပါတယ်။ အာရှမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စ၊ လွတ်လပ်မှုမရှိတဲ့ ကိစ္စတွေကို သမ္မတ အိုဘားမား (Obama) နဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတိုင်း အလေးထား ဆွေးနွေးဖြစ်တယ် ဆိုတာကိုလည်း သူက ပြောပါတယ်။

အမေရိကန်ဟာ အာရှဒေသတွင်းက လူ့အခွင့်အရေး ခံစားခွင့်မရှိတဲ့ အခြေအနေတွေကို လျစ်လျူရှုမထားပါဘူးလို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG