သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီ ငလျင်ဒဏ်သင့်သူတွေ ရှာဖွေရေး အခွင့်အလမ်း လျော့ပါးလာ


အရင်ပတ်က ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်သွားခဲ့တဲ့ ဟေတီနိုင်ငံမှာ အကူအညီပေးရေး ၀န်ထမ်းတွေက အဆောက်အဦးတွေထဲ ပိတ်မိနေသူတွေကို အားသွန်ခွန်စိုက် လိုက်လံရှာဖွေနေရာကနေ သိန်းနဲ့ချီတဲ့ အသက်ရှင် ကျန်ရစ်သူတွေကို အကူအညီပေးဖို့ ဇောင်းပေး လုပ်ဆောင်နေကြပါတယ်။

ရက်ကြာလာတာနဲ့အမျှ ပိတ်မိနေတဲ့ အထဲက အသက်ရှင်နေဆဲသူတွေ ထပ်တွေ့နိုင်ဖို့ အခွင့်အလမ်း ပိုမိုနည်းလာတာ ဖြစ်ပါတယ်။

မြေငလျင်ကြောင့် လူပေါင်း ၂၀၀,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းနေကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လူပေါင်း ၁,၅၀၀,၀၀၀ လောက်ဟာလည်း ကျပ်ကျပ်ညပ်ညပ်နဲ့ ယာယီတဲတွေထဲမှာသာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ပံ့ပိုးမှုတွေလည်း မရှိသလောက် ဖြစ်နေတာပါ။

ဆေးကုသခွင့် မရတဲ့ ဒဏ်ရာရသူတချို့ဟာ ကူးစက်ရောဂါတွေကြောင့် သေဆုံးခဲ့ကြရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကစလို့ အမေရိကန်ရေတပ် စစ်င်္ဘောက နေပြီးတော့လည်း လူနာတွေကို တတ်နိုင်သမျှ ကုသပေးနေခဲ့တာပါ။

ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်တ၀ိုက်မှာ အိုးအိမ် ဆုံးရှုံးခဲ့ရသူပေါင်း ၄၀၀,၀၀၀ လောက်ကို ကျေးရွာသစ်တွေမှာ အမြန်ဆုံး ပြောင်းရွှေ့ နေရာချထားတော့မှာ ဖြစ်တယ်လို့ ဟေတီအစိုးရ အရာရှိတွေက ပြောပါတယ်။

ဟေတီကို အကူအညီတွေ အမြန်ဆုံး ပို့ပေးနိုင်ဖို့ ပို့တ် အို ပရင့်စ်မြို့က ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့တဲ့ သင်္ဘောဆိပ်ကိုလည်း ပြန်ဖွင့်ထားလိုက်ပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အဲဒီသင်္ဘောဆိပ်ကနေ တဆင့် နေ့စဉ် ကူညီကယ်ဆယ်ရေး ပစ္စည်း ကွန်တိန်နာပေါင်း ၁၅၀ ကို သွင်းနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ပိုင်းကျရင် တနေ့ကို ကွန်တိန်နာပေါင်း ၂၅၀ အထိ ပို့နိုင်ဖို့ မျှော်မှန်းတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း သင်္ဘောဆိပ်အနီးက အပျက်အစီးတွေ၊ ပျက်စီးသွားတဲ့ လမ်းတွေကြောင့် အကူအညီ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG