သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အာဆီယံ အခွန်မဲ့ကုန်သွယ်ရေး


တရုတ်-အာဆီယံ အကောက်ခွန်မဲ့ ကုန်သွယ်ရေးသဘောတူချက်ကို နှစ်ဆန်း (၁) ရက်နေ့ကစပြီး အပြည့်အဝကျင့်သုံးနေပြီလို့ သိရပါတယ်။ ဒီသဘောတူခကျအရ တရုတ်နဲ့ အာဆီယံအဖွဲ့ကြားမှာ ကုန်ပစ္စည်းအမျိုးပေါင်း (၇၀၀၀) ကျော်ကို အကောက်ခွန်ပေးစရာမလိုဘဲ ရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် တို့ကတော့ နောက် (၅) နှစ်ကြာမှ ဒီသဘောတူချက်ကို ကျင့်သုံးနိုင်ပါလိမ့်မယ်။ ၂၀၀၀ ခုနှစ်က တရုတ်ဝန်ကြီးချုပ် အကြံပြုခဲ့တဲ့ တရုတ်-အာဆီယံ အကောက်ခွန်မဲ့ ကုန်သွယ်ရေးစနစ်ဟာ (၁၀) နှစ်အကြာမှာ အကောင်အထည်ပေါ်လာတာပါ။ ဒီလိုဖြစ်လာအောင် တဆင့်ပြီးတဆင့် ကြိုးပမ်းရတာမို့ (၈) နှစ်ကြာသွားပါတယ်။

ပထမဦးစွာ တရုတ်-အာဆီယံဘက်ပေါင်းစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၀၂ နိုဝင်ဘာလမှာ သဘောတူကြပါတယ်။ ဒါပေမယ့် ဈေးသက်သာတဲ့ တရုတ်ကုန်ပစ္စည်းတွေ လိမ့်ဝင်လာရင် ဒေသခံကုန်ပစ္စည်းတွေ အရောင်းထိုင်းသွားလိမ့်မယ်လို့ အာဆီယံလုပ်ငန်းရှင်တွေက ယူဆတဲ့အတွက် အကောက်ခွန်မဲ့ ကုန်သွယ်ရေးကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ရဲ့ စိုက်ပျိုးလယ်ယာထွက် အသီးအနှံတွေကို တရုတ်ပြည်မှာ ရောင်းနိုင်အောင် ၂၀၀၄ နှစ်ဆန်းကစပြီး အခွန်လျော့ယူပါတယ်။ ၂၀၀၆ ရောက်ရင် တရုတ်ပြည်မှာ အခွန်မဲ့ရောင်းနိုင်အောင် စီစဉ်တာပါ။ ဒါတောင် ဖိလစ်ပိုင် က ပထမပိုင်းမှာ လက်မခံလို့ အာဆီယံ (၉) နိုင်ငံသာ ပါဝင်ခဲ့ပါတယ်။

တရုတ်အစိုးရက မက်လုံးပေး ဆွဲဆောင်ခဲ့ပြီး စည်းရုံးရေးဆင်းတော့မှ ၂၀၀၄ နိုဝင်ဘာလမှာ ကုန်ပစ္စည်းဆိုင်ရာ တရုတ်-အာဆီယ့အခွန်မဲ့ သဘောတူချက်ကို လက်မှတ်ထိုးနိုင်ပါတယ်။ နောက် (၂) နှစ်ကြာ ကာလဖြစ်တဲ့ ၂၀၀၇ ဇန်နဝါရီလမှာ ဝန်ဆောင်လုပ်ငန်းဆိုင်ရာ အခွန်မဲ့သဘောတူချက်ကို လက်မှတ်ထိုးကြပါတယ်။ အဲဒီနောက် (၂) နှစ်ခွဲလောက်ကြာတော့မှ ၂၀၀၉ သြဂုတ်လမှာ အရင်းအနှီးဆိုင်ရာ အခွန်မဲ့ သဘောတူချက်ကို လက်မှတ်ရေးထိုး နိုင်ပါတယ်။ ဒါကြောင့်မို့ တရုတ်-အာဆီယ့အခွန်မဲ့ ကုန်သွယ်ရေးအတွက် (၈) နှစ်လောက် စေ့စပ်ဆွေးနွေးရတယ်လို့ ပြောကြတာဖြစ်ပါတယ်။ တကယ့်တော့ ၂၀၀၄ က စပြီး အကောက်ခွန်တွေ တဖြည်းဖြည်းလျော့နည်းလာတာ ဖြစ်ပါတယ်။

အကောက်ခွန်မဲ့ ကုန်သွယ်ရေးစနစ်ကို ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး အပြည့်အဝ အကောင်အထည်ဖော်နေပြီဆိုပေမယ့် ကုန်ပစ္စည်းအားလုံးကို အခွန်တော် ကင်းလွတ်ခွင့် ပေးထားတာတော့ မဟုတ်ပါဘူး။ အခွန်မဲ့ ကုန်သွယ်မှုကြောင့် ပြည်တွင်းထွက်ကုန်ပစ္စည်းကို ထိခိုက်နိုင်တယ်လို့ ယူဆတဲ့ သွင်းကုန်တွေကိုတော့ ခြွင်းချက်ထားပြီး အနည်းဆုံး နောက်ထပ် (၁၀) နှစ်လောက် အခွန်တော် စည်းကြပ်နေဦးမှာပါ။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့က ဘဝင်မကျဘဲ အခွန်မဲ့ ကုန်သွယ်ရေးသဘောတူချက်ကို လက်ခံလိုက်ရတာ ဖြစ်ပါတယ်။ တရုတ် ကုန်ပစ္စည်းအများအပြား ဝင်လာရင် အင်ဒိုနီးရှား အထည်အလိပ် စားသောက်ကုန် နဲ့ အီလက်ထရောနစ် ပစ္စည်းတွေ (၅၀) ရာခိုင်နှုန်းလောက် ကျဆင့်းသွားနိုင်တယ်လို့ ဆိုပါတယ်။

တနည်းဆိုရင်တော့ ပြည်တွင်းထွက်ကုန်ပစ္စည်းတွေကို ထိခိုက်နိုင်တယ်လို့ ယူဆတဲ့ တရုတ်ရဲ့ ပို့ကုန်တွေကို အင်ဒိုနီးရှား က အခွန်ကောက်ယူနေဦးမှာ ဖြစ်ပါတယ်။ အကောက်ခွန်မဲ့ ကုန်ပစ္စည်းစာရင်းမှာ ပါဝင်နေတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း နှစ်ရာကျော်ကို အခွန်ကောက်ဖို့ အင်ဒိုနီးရှား က လိုလားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ ပါဝင်တဲ့ ပူးတွဲစီစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အာဆီယံရုံးချုပ်က ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တရုတ်-အာဆီယံ အခွန်မဲ့ကုန်သွယ်ရေးဟာ တဖြည်းဖြည်း အကောင်အထည် ဖော်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ပြည်တွင်းထွက်ကုန်ပစ္စည်းကို ကာကွယ်ဖို့ အချိန်ရှိတယ်လို့ အာဆီယ့အဖွဲ့ အထွေထွေအတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဈေးသက်သာတဲ့ တရုတ်သွင်းကုန်တွေ ဝင်လာလို့ ပြည်တွင်းထွက်ကုန်ကို ထိခိုက်နိင်တဲ့ ကိစ္စမျိုးမှာ နောင်အခါမှာ အခွန်စည်းကြပ်မှာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ထောက်ပြသွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်းဒိုနီးရှားကတော့ တရုတ်ပြည်က တင်ပို့တဲ့ ကုန်ပစ္စည်း သိုလှောင်တဲ့ ကွန်တိန်နာ သေတ္တာကြီးတွေကို တခုချင်း စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ လွန်ခဲ့တဲ့လက နိုင်ငံပေါင်း (၁၉) နိုင်ငံမှာ တရုတ်ပို့ကုန်တွေကို အကြိမ်ပေါင်း တရာကျော် စစ်ဆေးခံရတယ်လိုပ တရုတ်အစိုးရ ရှင်ဟွာ () သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်ပို့ကုန်ပစ္စည်းတွေ နိုင်ငံခြားမှာ ရောင်းကောင်းစေဖို့အတွက် ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ တရုတ်ယွမ်ငွေကို မနှစ်က တနှစ်လုံး တန်ဖိုးမတက်အောင် တရုတ်အစိုးရက လုပ်ထားပါတယ်။ ထိုင်းဘတ်ငွေ၊ ဖိလစ်ပိုင် ပီစို နဲ့ အင်ဒိုနီးရှား ရူပြား တန်ဖိုး တက်ပေမယ့် ယွမ်ငွေတန်ဖိုး မတက်တဲ့အတွက် တရုတ်ပို့ကုန်ဟာ ဈေးသက်သာသလို ဖြစ်သွားတာပါ။

အလာတူ အခွန်မဲ့ကုန်သွယ်ရေး သဘောတူချက်တွေကို ဂျပန်၊ တောင်ကိုရီယား၊ နယူးဇီလန် နဲ့ သြစတေးလျ စတဲ့ နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ လက်မှတ်ထိုးတားပြီမို့ ဒီနှစ်ထဲမှာ စတင်ကျင့်သုံးဖွယ် ရှိပါတယ်။ ဒါပေမယ့် အမေရိကန်၊ ဥရောပ၊ ကနေဒါ နဲ့ အာဆီယံအဖွဲ့အကြား အခွန်မဲ့ ကုန်သွယ်ရေးလုပ်နိုင်ဖို့ ကိစ္စဟာ ဗမာစစ်အစိုးရပါဝင်နေတဲ့အတွက် စေ့စပ်ညှိနှိုင်းလို့ မရဘဲဖြစ်နေပါတယ်။ ဒါကြောင့် ဥရောပအဖွဲ့ အာဆီယံ တနိုင်ငံချင်း ဆွေးနွေးပြီးက အမေရိကန်အစိုးရကတော့ ဗမာမပါဘဲ မူလ အာဆီယံနိုင်ငံတွေသာ ပါဝင်တဲ့ (၂၁) နိုင်ငံ အေပက် (APEC) အဖွဲ့ဘောင် အတွင်းမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG