သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးမြို့လယ်ကောင်မှာ ကလေးစစ်သားတွေ စုဆောင်း


မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှု၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုလိုမျိုး အခြေအနေတွေကို လေ့လာ အကဲဖြတ်ဖို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ အသက်မပြည့်တဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ စုဆောင်းတဲ့ အဖြစ်အပျက်တွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက ပဲခူးမြို့ အထက ၃ ကျောင်းက ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား တဦးဖြစ်တဲ့ မောင်ဝေဦးချိုကို တပ်သားအဖြစ် စုဆောင်းခဲ့လို့ အခုအခါ မိသားစုက ရန်ကုန်အခြေစိုက် ILO ရုံးကို တိုင်ကြားဖို့ လုပ်နေပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ပုလဲလမ်းမှာ နေထိုင်နေတဲ့ ဆယ်တန်းကျောင်းသား မောင်ဝေဦးချိုကို ခမရ ၂၁၂ က တပ်သားက ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်သားအဖြစ် စုဆောင်းသွားခဲ့ပုံကို မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က အခုလို ပြောပြပါတယ်။

“ကျမ ညနေ အလုပ်ကပြန်လာတော့ ကျမရဲ့ အမတွေဆီ ဖုန်းဆက်တော့ ဖုန်းဆက်တယ်တဲ့၊ နင့်သား စစ်ထဲဝင်သွားပြီလို့ ပြောတယ်တဲ့၊ မနက်ကတဲ့ ဆိုတော့ ဒုက္ခပဲဆိုပြီး စုဆောင်းရေးကို ကျမ ညဘက်ကြီးသွားတယ်။ သွားတော့ မနက် ၉ နာရီခွဲလောက်က ဒီကလေး လာသွားတယ်တဲ့။ တပ်သားတယောက်နဲ့ လာသွားတယ်တဲ့၊ အဲဒါနဲ့ သူတို့ အရပ်တိုင်းလိုက်တယ်။

“ပြီးတော့ ၈ တန်းတုန်းက ကျောင်းသားကတ်ကလေး၊ အဲဒီတုန်းက ကလေးရုပ်လေးနဲ့ပေါ့၊ အသက်ကိုလည်း သူတို့ ကြည့်လိုက်တယ်တဲ့။ ကြည့်လိုက်တော့ သူတို့က ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်တဲ့။ အဲဒါနဲ့ တပ်သားက သူတို့ ၂၁၂ တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး လည်ပင်းဖက်ပြီး ခေါ်သွားပါတယ်တဲ့။ အဲဒီတပ်သားရဲ့ ပုံပန်းသဏ္ဌာန်ကို တပ်ကြပ်ကြီး မိုးသူက သိပါတယ်တဲ့။ နာမည်တော့ မမေးထားလိုက်မိဘူးတဲ့။”

ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ ကိုလည်း သားဖြစ်သူ အသက်မပြည့်ဘဲ စစ်သားအဖြစ် စုဆောင်းခံရမှုကို အကြောင်းကြား တိုင်ကြားခဲ့ပေမဲ့ ဘာမှ ထူးခြားမလာဘူးလို့ ဆိုပါတယ်။ ပဲခူးမြို့ စုဆောင်းရေးကလည်း ရှာပေးမယ်လို့ ဆိုပေမဲ့ ၂၀ ရက်နေ့အထိ ဘာမှ ထူးခြားမလာခဲ့ဘူးဆိုပြီး မိခင်ဖြစ်သူက ပြောပြပါတယ်။ ဒီ့နောက် ဒညင်းကုန်း စုဆောင်းရေးတပ်ကို သွားရှာခွင့် ပေးခဲ့ပေမဲ့ သားဖြစ်သူကို ဘယ်လိုမှ ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။

သူမအနေနဲ့ အသက်မပြည့်သေးတဲ့ သားဖြစ်သူကို ပြန်တွေ့လိုတဲ့ ဆန္ဒတွေနဲ့ ရှာဖွေနေချိန်မှာ အာဏာပိုင်တွေဘက်က တခြား အဖွဲ့အစည်းတွေကို အကြောင်းမကြားဖို့၊ မီဒီယာတွေနဲ့ မဆက်သွယ်ဖို့တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူက ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်ထံ သွားရောက်ပြီး သားဖြစ်သူ ပြန်ရရှိရေး ILO ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မိခင်ဖြစ်သူအနေနဲ့ သားဖြစ်သူကို စစ်တပ်က စုဆောင်းခြင်းဟာ အရွယ်မရောက်သေးတဲ့ ကလေးကို အညွန့်ချိုးလိုက်သလို ဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က ကိုယ်ချင်းစာကြဖို့လည်း အခုလို ပြောသွားပါတယ်။

“အဲဒါနဲ့ ကျနော်က လုပ်သင့်တဲ့ဟာ လုပ်ရမှာပဲလို့။ အခုဥစ္စာ ကျနော် ဗိုလ်ကြီးတို့ကို အချိန်ပေးထားပြီးပြီလို့၊ သားလေးကလည်း တဖြည်းဖြည်း အချိန်နီးကပ်လာတဲ့အတွက် သူတို့ မီဒီယာကို မတိုင်ပါနဲ့လို့ ပြောထားတဲ့အတွက် ကျမ သူတို့ကိုလည်း chance ပေးထားပြီးပြီ။ ဒီကြားထဲမှာ ကျမရဲ့ ဆန္ဒလေးကို ဘာမှ ဖြည့်မပေးနိုင်တဲ့အတွက် ကျမ မိခင်တယောက်ရဲ့ ခံစားချက်တွေနဲ့ စားလို့လည်း မဝင်၊ အိပ်လို့လည်း မပျော်ဘူး။ သားသမီးချင်း ကိုယ်ချင်းမစာဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကျမ မခံစားနိုင်တော့ဘူး။

“အခု ကျမသားလေးကလည်း အမှတ် ၃ အထကမှာ ပညာသင်နေတဲ့ ကလေးလည်း ဖြစ်တဲ့အပြင် ပညာရေးလည်း ကောင်းပါတယ်။ ကျမသားလေးက အလုံးအဖန်လေးလည်း ကောင်းတယ်၊ အားကစား လှုပ်ရှားမှုအတွက် ကြွက်သားလေးတွေ၊ ရင်အုပ်မောက်တာလေးတွေ၊ အရပ်အမောင်းလေးလည်း ရှိတယ်။ အဲဒီအတွက် ကျမ သူတို့တပ်ထဲပဲ သွင်းမှာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့ ကျမသားလေးရဲ့ အညွန့်ကို ကျမ အချိုးမခံနိုင်ဘူး။”

မောင်ဝေဦးချို စစ်သားအဖြစ် စုဆောင်းခံရချိန်မှာပဲ ILO ရဲ့ အမှုဆောင် ဒါရိုက်တာ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူနဲ့လည်း ရှေ့နေကြီး ဦးအေးမြင့်က တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထောက်အထားတွေနဲ့ တင်ပြသွားမှာ ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောသွားပါတယ်။

“ဒါကတော့ တပ်ထဲမှာ မရောက်ပါဘူး။ ရှာတော့ အရှာခံတာပဲ။ ပြီးရင် ဒီလိုပဲ မရှိဘူး၊ မတွေ့ဘူးနဲ့ပဲ ပြောလွှတ်လိုက်တဲ့ကိစ္စ။ ဒီ မောင်ဝေဦးချိုကိစ္စနဲ့ ပတ်သက်လို့ ILO ရုံးကို အမီတင်မယ်။ စနေနေ့မှာ အမှုဆောင် ဒါရိုက်တာနဲ့တွေ့ဖို့ ကျနော်တို့ကို ဖိတ်ထားတဲ့အတွက် ထိပ်တိုက် ပူပူနွေးနွေး ဒီအကြောင်းကို ကလေးဓာတ်ပုံ အထောက်အထားတွေနဲ့ တင်ပြမယ်။

“ကလေးစစ်သား မရှိဘူးလို့ သူကသာ နိုင်ငံတကာ အလယ်မှာ ငြင်းတယ်။ အခု ILO အမှုဆောင် ဒါရိုက်တာ လာတဲ့အချိန်ကျမှ ကလေးစစ်သားပျောက်တယ်။ အရင်တုန်းက တောနေလူတန်းစားနဲ့ အလုပ်သမား လူတန်းစား၊ အခြေနိမ့်နေတဲ့ လူတွေရဲ့ သားသမီးတွေ ကျောင်းတက်နေတာ အဆွဲခံရတယ်။ အခု ပဲခူးမြို့လယ်ကောင်ကြီး၊ အမှတ် ၃ ဆိုတာ တပြည်လုံး Top Ten ဝင်နေတဲ့ ကျောင်း၊ အဲဒီမှာတက်နေတဲ့ ကျောင်းသားတယောက်ကို စစ်သားက အသက်မပြည့်ဘဲနဲ့ စစ်သားအဖြစ် စုဆောင်းသွားတာ မိခင် ဘယ်လောက် ရင်ကျိုးပြီလဲ။”

ပဲခူးတိုင်းမှာတော့ ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့အခါ တိုင်ကြားဖို့ ရှေ့နေကြီး ဦးအေးမြင့် ရှိနေတဲ့အတွက် သတင်းတွေ ဆက်တိုက်ကြားနေရသလို ဦးအေးမြင့် ဦးဆောင်တဲ့ လမ်းပြကြယ်အဖွဲ့ကို တိုင်ကြားတဲ့ ကလေးဦးရေဟာ ၁၂၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ သတင်းမကြားပေမဲ့ ကလေးတွေ စစ်သားအဖြစ် စုဆောင်းခံရမှုတွေဟာ တိုင်းနဲ့ပြည်နယ် နေရာအနှံ့မှာ အများအပြား ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG