သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရိုက်တင်ပြ


အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှုကိစ္စ စတာတွေနဲ့ ပတ်သက်လို့ အကဲခတ် စုံစမ်းဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) အလုပ်အမှုဆောင် အဖွဲ့နဲ့ အလုပ်သမားရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ ဒီကနေ့ပဲ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ILO ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့သလို အလုပ်သမားရေး လှုပ်ရှားနေကြသူတွေကတော့ သူတို့ လိုက်ပါကူညီ ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဖြေရှင်းဖို့ လိုနေသေးတဲ့ ပြဿနာတွေကို တင်ပြခဲ့ကြတယ်လို့ ပြောပြကြပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီယိုလာ (Mr. Kari Tapiola)၊ အလုပ်သမားရေးရာ စံများဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ်စ် ကာရင် ကားတစ်စ် (Ms. Karen Curtis)၊ ဥပဒေအရာရှိ မစ္စတာ ဒရာဇန် ပက်ထရိုဗစ် (Mr. Drazen Petrovic) တို့နဲ့အတူ ရန်ကုန်အခြေစိုက် ဆက်သွယ်ရေးအရာရှိ မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall)၊ သူ့ရဲ့ လက်ထောက် ဖြစ်သူတို့နဲ့ အလုပ်သမားရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေကြသူတွေ တွေ့ဆုံပြီး မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြတာပါ။

ILO ဘက်က မြန်မာစစ်အစိုးရနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ဆိုင်ရာ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာ နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တာ အပါအဝင် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့တယ်လို့ တွေ့ဆုံခဲ့ကြသူတွေက ပြောပါတယ်။ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေကတော့ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို ပြောပြခဲ့တဲ့အကြောင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့သူတွေထဲက တဦးဖြစ်တဲ့ ဦးအေးမြင့်က ပြောပါတယ်။

“သူတို့က ဘာလုပ်ပါ၊ ဘာကိုင်ပါလို့ စပြီး စကား မပြောဆိုဘူး။ အကုန်လုံး မေတ္တာရပ်ခံတယ်။ ကျနော်တို့ မြန်မာပြည်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ခံစားနေရတာတွေကို တင်ပြတာ သူတို့ နားထောင်ချင်တယ်ဆိုလို့၊ ရှေ့နေ ဦးအောင်သိန်း ပါတယ်၊ ဦးသက်ေ၀ ပါတယ်၊ လူတွေကတော့ အများကြီးမို့ ကျနော်မှတ်မိတဲ့လူတွေပေါ့။ ကျနော်တို့ တင်ပြတာကတော့ ILO ကို ကလေးစစ်သားနဲ့ ပတ်သက်လို့၊ အဓမ္မလုပ်အားပေးနဲ့ ပတ်သက်လို့ တိုင်တဲ့အခါမှာ တိုင်တန်းသူတွေကို ခြိမ်းခြောက်မှု ရှိခဲ့သလို အမှုဖြစ်တဲ့လူရဲ့ မိသားစုကို အာဏာပိုင် အဖွဲ့အစည်းတွေက သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ခြိမ်းခြောက်တယ်ဆိုတဲ့ အချက်တွေက တင်ပြတာ များပါတယ်။”

အလုပ်သမား အခွင့်အရေး၊ ကလေးစစ်သား အသုံးပြုမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ILO နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့် ပြောပြသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်မှာ မွန်းလွဲပိုင်းက ၁ နာရီကျော်လောက် အပြန်အလှန် ဆွေးနွေးမှုတွေအတွင်း အဓမ္မလုပ်အားပေး စေခိုင်းမှုလို ကိစ္စတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ် မရနိုင် ဖြစ်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ILO ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။

“သူတို့နဲ့ ကျနော်တို့ တွေ့တဲ့အခါ ကျနော်တို့ဘက်က ပြောတာကတော့ အောင်လံ လယ်သမားတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနဲ့ ILO က စတိဗ် မာရှဲလ်တို့နဲ့ သဘောတူညီချက် စာချွန်လွှာအမှတ် ၀၆၆ ဆိုတာ ရှိတယ်။ အဲဒီမှာ လယ်သမားတွေဟာ မိမိရဲ့ လယ်ယာမြေကို လွတ်လပ်စွာ ပြန်လည် စိုက်ပျိုး လုပ်ကိုင်နိုင်ပါပြီဆိုတဲ့ အချက်အလက်တွေ ပါတယ်။

“အဲဒီလို ပါတဲ့ အချက်အလက်တွေက ဒီအမှု အကြောင်းချင်းရာနဲ့ ဆက်စပ်နေတယ်။ ဒါတွေကို ကျနော်တို့က တရားရုံးမှာ လယ်သမားတွေက ရှေ့နေတော့ မပါဘူး၊ မူလရုံးတွေမှာ။ အဲဒါတွေကို ကျနော်တု့ိ တရားရုံးမှာ သက်သေခံ တင်သွင်းဖို့ ကြိုးစားခဲ့တယ်။ တရားရုံးက ILO ဆိုတဲ့ စကားလုံး ပါတာနဲ့ပဲ ဒီဟာ ILO နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ စာရွက်စာတမ်းတွေကို တင်သွင်းခွင့် မပြုခဲ့ဘူး။ နောက် အယူခံရုံးတွေကို ကျနော်တို့ အဆင့်ဆင့် တက်တော့မှ အဲဒီစာတွေကို ပူးတွဲပြီး တင်ပြနိုင်ခဲ့တယ်။

“ဒါတွေဟာ အထက် အာဏာပိုင် အဖွဲ့အစည်းနဲ့ နှစ်ဦးသဘောတူ ရှိခဲ့တဲ့ ကိစ္စရပ် မှန်လို့ရှိရင် တရားရုံးတွေကလည်း လက်ခံသင့်တယ်။ ဒီအတိုင်းလည်း အမှန်အတိုင်း ဆောင်ရွက်ပေးသင့်ပါလျက်နဲ့ အခု လယ်သမားတွေ ထောင်ထဲမှာ ရောက်ရှိနေတဲ့ဘ၀ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ကျနော် တင်ပြခဲ့ပါတယ်။”

ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အဓမ္မလုပ်အားပေး စေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားရာကစလို့ ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့ အောင်လံမြို့က လယ်သမား ၁၃ ယောက်ရဲ့ ကိစ္စနဲ့ ပတ်သက်လို့ ILO ကိုယ်စားလှယ် အဖွဲ့ဟာ အခုခရီးစဉ်အတွင်း ကိုယ်တိုင်သွားရောက် အကဲခတ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး တနင်္လာနေ့တုန်းကတော့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုများဆိုင်ရာ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို နောက်ထပ်တနှစ် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG