သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီငလျင် သေဆုံးသူ ၁၅၀,၀၀၀ ရှိပြီ


လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က ဟေတီကျွန်းနိုင်ငံလေးမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြေငလျင်ကြောင့် ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော် တနေရာတည်းမှာကို သေဆုံးသူ အတည်ပြုနိုင်သလောက် ၁၅၀,၀၀၀ ရှိသွားပြီလို့ ဟေတီအစိုးရက ပြောလိုက်ပါတယ်။

ဒီအရေအတွက်ဟာ အဆောက်အဦးပျက်တွေ အောက်မှာ အလောင်းတွေ မဖယ်ရသေးတဲ့ ခေါင်ဖျားတဲ့ နေရာတွေက သေဆုံးသူတွေရဲ့ စာရင်း မပါသေးပါဘူး။ အားလုံး စုစုပေါင်း သေဆုံးသူက ၂၀၀,၀၀၀ လောက် ဖြစ်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီလို့ အစိုးရက သောကြာနေ့မှာ တရားဝင် ကြေညာခဲ့ပေမဲ့ မြို့တော်ထဲက ပြိုကျနေတဲ့ ကုန်စုံဆိုင်အောက်ကနေ အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက်ကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက စနေနေ့တုန်းက ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တချို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးတွေ လုပ်နေကြသေးပေမဲ့ တော်တော်လေး နည်းသွားပြီလို့ USAID က တာဝန်ရှိသူ တင်မ် ကာလာဟန် (Tim Callahan) က ပြောပါတယ်။

အခုချိန်ထိ ကြီးကြီးကျယ်ကျယ် ကူးစက်ရောဂါ ပြန့်ပွားမှုတွေ မရှိသေးပေမဲ့ အသားပေါ်မှာ အနီကွက်တွေ ပေါ်တာ၊ ဝမ်းလျှောတာနဲ့ မျက်စိနာသူတွေတော့ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစားအသောက်၊ ရေ၊ နေစရာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အထူးလိုနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လူတွေ တော်တော်များများဆီကို ရေနဲ့ အစားအသောက်တွေ ပို့ပေးနိုင်ပြီ ဖြစ်ပေမဲ့ ငလျင်ဒဏ် ခံထားရသူတွေရဲ့ လိုအပ်ချက် အားလုံးကိုတော့ မဖြည့်ဆည်းပေးနိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG