သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုဝင်ဘာလ လွတ်မယ်လို့ ပြည်ထဲရေးဝန်ကြီးပြော


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်မှာ ပြန်လွှတ်ပေးမယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ပန်းတောင်းမြို့က အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးမယ်ဆိုရင် တတ်နိုင်သလောက် အစောဆုံး လွှတ်ပေးဖို့နဲ့ ဒီလိုလွှတ်ပေးမှသာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးမယ် ဆိုတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့တယ်လို့ ကျောက်ပန်းတောင်း မြို့ခံတဦးက ပြောပါတယ်။

“၂၁ ရက်နေ့မှာ တွေ့ဆုံပွဲလုပ်တာ၊ မြို့မိမြို့ဖတွေရယ်၊ ကြံ့ဖွံ့တွေရယ်၊ မိခင်နှင့်ကလေးတို့၊ အမျိုးသမီးရေးရာတို့ နောက် ဝန်ထမ်းတွေတို့၊ ကျောက်ပန်းတောင်း မြို့နယ်ခန်းမမှာ တွေ့တာ။ ကျနော်တို့ တပ်မတော်အစိုးရဟာ ညစ်ပတ်တဲ့အစိုးရ မဟုတ်ပါဘူးတဲ့၊ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရော ဦးတင်ဦးရော နှစ်ယောက်စလုံး လွှတ်ပေးမှာပါပေါ့လေ။

“သူပြောတဲ့ ပုံစံက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလလောက်မှ လွှတ်မယ်ဆိုတဲ့ ပုံစံမျိုး၊ သိသိသာသာတော့ ပြောမသွားဘူး။ သဘောတရားအရ နိုဝင်ဘာလလောက်မှ ပုံစံမျိုး ပြောသွားတာ။ ဒေါ်အောင်ဆန်းစုကြည်အရင် ဦးတင်ဦးကို လွှတ်ပေးရမယ့် ပုံစံမျိုး သူကပြောတာ။ ဒီအထဲမှာ NLD တွေလည်း ပါရင်ပါမှာပါတဲ့။ အဲဒီစကား ပြောသွားတယ်။

“ပြောလေ့ပြောထ မရှိတော့ အံ့အားတသင့်တော့ ဖြစ်သွားကြတယ်။ ဝမ်းသာအားရလည်း ဖြစ်သွားကြတယ်။ ကျနော်တို့က ဈေးနားနီးတာကိုး၊ မြို့နယ်ထဲမှာ။ ဈေးနားနီးတော့ ဝန်ထမ်းတွေက အဲဒီစကား ပြောတယ်ဆိုတဲ့ အသံ ထွက်သွားတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါတယ်ဆိုတော့ လူတွေကလည်း တမျိုးဖြစ်သွားတာပေါ့။ တခါမှလည်း မပါဘူးဘဲနဲ့။ မကောင်းကြောင်း ပြောချင်ရင်သာ ပါတာကိုး။ ဒီလိုမျိုးပြောတယ်ဆိုတော့ တချို့က အံ့အားတသင့် ဖြစ်ကုန်ကြတာပေါ့။”

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို လွှတ်ပေးမယ့်အကြောင်း အာဏာပိုင်တွေဘက်က တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဦးတင်ဦးကို ပြန်ပြီး လွှတ်ပေးရမယ့်ရက် ဖြစ်သလို နိုဝင်ဘာလဟာလည်း အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) နေအိမ်ဝင်းထဲကို မဖိတ်ခေါ်ဘဲ လာရောက်ခဲ့တဲ့အတွက် ထပ်ပြီး ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်တာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရမယ့်အချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အဲဒီလိုပဲ သတင်းတော့ ကြားတယ်။ ပြောနေကြတာက နိုဝင်ဘာတဲ့။ နိုဝင်ဘာဆိုတာ အန်တီစုအတွက် အခုအကျယ်ချုပ် ပြည့်တဲ့အချိန်ပဲလေ။ အန်ကယ်ဦးတင်ဦးက အခု ဖေဖော်ဝါရီလထဲမှာ စေ့မယ်။”

အန်ကယ်တို့ကို အကြောင်းကြားတာမျိုးရော ရှိပါသလား။

“မရှိပါဘူးဗျ။”

၂၀၁၀ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကတိပေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း ဒီလလယ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်မှုဟာ ၇၀% ပြီးစီးနေပြီလို့ ပြောကြားခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အခုထိ မကြေညာသေးပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ သိပ်ကို အရေးပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြင်ပါတယ်။

အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်ကတော့ တကယ်လို့ ပြန်ပြီး လွှတ်ပေးမယ် ဆိုရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်ရအောင် အတတ်နိုင်ဆုံး အစောဆုံး ပြန်ပြီး လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး သော့ချက်ပါပဲ။ အဲဒီမှာ အခရာ အကျဆုံး ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့ ပြောထားပြီးဖြစ်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် စောစောပေါ့ဗျာ၊ ရွေးကောက်ပွဲ မတိုင်မီ သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ လွှတ်ပေးမယ်ဆိုရင်တော့၊ ဒီရွေးကောက်ပွဲကြီး မတိုင်မီ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရမှလည်း ကမ္ဘာက ယုံကြည်စိတ်ချတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်၊ အားလုံးလည်း ပါဝင်နိုင်ကြမှာပေါ့ဗျာ။

“အဲတော့ နိုင်ငံအတွက်လည်း အကောင်းဆုံး ဖြစ်မှာပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တကယ့် စိတ်စေတနာ အမှန်နဲ့ လွှတ်ပေးမယ်ဆိုရင်လည်း ရွေးကောက်ပွဲမတိုင်မီ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကျင်းပနိုင်လောက်အောင် လုံလောက်တဲ့ အချိန်၊ အစောဆုံးပေါ့ဗျာ၊ လွှတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တိုင်းရင်းသား ပြည်သူတရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာပါလို့ ပြောချင်ပါတယ်။”

အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ဒီ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ ပါဝင်ခွင့်ပေးရင် အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ရှေ့လျှောက် ဆက်ဆံရေးအတွက် အထောက်အကူ အများကြီး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG