သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယား ခရီးသည်တင် လေယာဉ် ပျက်ကျ


ခရီးသည် ၈၂ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၈ ဦး လိုက်ပါလာခဲ့တဲ့ အီသီယိုးပီးယား လေကြောင်းရဲ့ ဘိုးအင်း ၇၃၇ လေယာဉ်ကြီးဟာ ဒီနေ့မနက် စောစောပိုင်း ရာသီဥတု ဆိုးရွားနေစဉ် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အကြာမှာပဲ မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပါတယ်။

လေယာဉ်ကြီး လေထဲကိုရောက်ပြီး မကြာခင်မှာပဲ ဘေရွတ်လေဆိပ်က ရေဒါတွေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်လို့ လက်ဘနွန် လေကြောင်း ထိန်းသိမ်းရေးဌာန အရာရှိတွေက ပြောဆိုခဲ့ပြီး မြေထဲပင်လယ် ကမ်းရိုးတန်းက မျက်မြင်သက်သေတွေက လေယာဉ်ကြီး လေထဲမှာ ပေါက်ကွဲသွားတဲ့ မီးလုံးအကြီးစားကြီး ပင်လယ်ထဲ ထိုးကျသွားတာကို မြင်လိုက်ကြတယ်လို့ ဆိုပါတယ်။

လေယာဉ်ကြီးဟာ ဘေရွတ်မြို့တော်ကနေ အီသီယိုးပီးယားနိုင်ငံ အဒစ်စ်ဘာဘာမြို့တော်ကို ပျံသန်းသွားတာ ဖြစ်ပြီး အခုပျက်ကျမှုမှာ လေယာဉ်ပေါ်ပါသူတွေ တယောက်မှ အသက်ရှင်ဖွယ်ရာ မရှိဘူးလို့ လက်ဘနွန် အရာရှိတွေက ပြောဆို ကြပါတယ်။ အခုချိန်ထိ အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ပြီး လက်ဘနွန် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက လေယာဉ်ပျက်နဲ့ နောက်ထပ် အလောင်းတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လက်ဘနွန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မုန်တိုင်းတွေ ကျနေတုန်းမှာပဲ လေယာဉ်ကြီးဟာ ဘေရွတ်လေဆိပ်က ပျံတက်ခဲ့တာ ဖြစ်ပြီး လက်ဘနွန်သမ္မတ မီရှဲလ် ဆူလေမန် (Michel Suleiman) က အခု လေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ခရီးသည်တွေထဲမှာ လက်ဘနွန်နိုင်ငံသား ၅၁ ဦး၊ အီသီယိုးပီးယား နိုင်ငံသား အနည်းဆုံး ၂၃ ဦးအပြင် လက်ဘနွန်နိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ်ကြီးရဲ့ ဇနီးလည်း ပါဝင်ပါတယ်။

အီသီယိုးပီးယား လေကြောင်းလိုင်းက လေယာဉ်တွေ အခုလို ပျက်ကျတာမျိုး တခါမှ မဖြစ်ဘူးဘဲ ၁၉၈၈ ခုနှစ်တုန်းက အင်ဂျင်ထဲကို ငှက်တွေ တိုးဝင်သွားလို့ တကြိမ်နဲ့ ၁၉၉၆ မှာ အကြမ်းဖက်သမားတွေ လေယာဉ်ကို အပိုင်စီးခဲ့လို့တကြိမ်၊ နှစ်ကြိမ်ပဲ ပျက်ကျခဲ့ဖူးတာ ရှိတယ်လို့ လေကြောင်းလိုင်း အကြီးအကဲက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG