သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဇာဂနာ ၄၉ နှစ်ပြည့် မွေးနေ့ ထိုင်းမှာ ကျင်းပ


ဗုဒ္ဓဟူးနေ့တုန်းက ကျရောက်တဲ့ လူရွှင်တော် ကိုဇာဂနာရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ပွဲကို သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့က ချင်းမိုင်မြို့မှာ အမှတ်တရ ကျင်းပခဲ့ပြီး ကိုဇာဂနာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းခဲ့ပါတယ်။ နှလုံးနဲ့ သွေးတိုးရောဂါ ခံစားနေရတဲ့ ကိုဇာဂနာကတော့ သူ့ရဲ့မွေးနေ့ကို မြစ်ကြီးနားထောင်မှာ ဖြတ်သန်းခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

နာမည်ကျော် သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်မွန်ခေါ် မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကိုဇာဂနာရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့တာပါ။ ဒီမွေးနေ့ပွဲ အခမ်းအနားမှာ ကိုဇာဂနာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြတယ်လို့ သီးလေးသီးအဖွဲ့က လူရွှင်တော် ကိုပန်းသီးက ပြောပါတယ်။

“လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က ဆရာသမားဖြစ်တဲ့ သူကတော့ ထုံးစံအတိုင်း မော်စကိုထဲမှာပေါ့။ ခါတိုင်းဆိုရင်တော့ ကိုယ့်ဆရာသမားနဲ့ ကိုယ် မြန်မာပြည်ထဲမှာ ပျော်ပျော်ပါးပါးပေါ့ဗျာ။ ဒီအချိန်လေးဆိုရင် စကားတွေပြောကြ၊ ကန်တော့ကြနဲ့ အင်မတန် ပျော်စရာ ကောင်းတယ်ပေါ့ဗျာ။

“အခုကျတော့လည်း ဆရာသမား မရှိတဲ့အခါ၊ ကိုဇာဂနာမရှိတဲ့ အခါကျ ကျနော်တို့ ဒီဘက်မှာ ကျနော်တို့ ညီအကိုတတွေ စုစုစည်းစည်းနဲ့ ကိုယ့်ဆရာရဲ့ မွေးနေ့လေးကို အမှတ်တရ လုပ်ကြရအောင် ဆိုပြီးတော့ လုပ်ဖြစ်သွားတာပေါ့။ ကျနော်တို့ ဒီမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက်နဲ့ ကိုဇာဂနာ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဒီမှာ ကျနော်တို့ ဆုတောင်းကြတယ်၊ ကောင်းမှုကုသိုလ်တွေ လုပ်ကြတာပေါ့။”

ကိုဇာဂနာခေါ် ကိုသူရဟာ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်ပါဝင် ဆောင်ရွက်နေချိန် ၂၀၀၈ ခုနှစ်က ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မ ၃ ခု အပါအဝင် ပုဒ်မ ၈ ခုနဲ့ စွဲဆိုပြီး ထောင် ၅၉ နှစ် ချခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ သူ့ရဲ့အမှုအတွက် အယူခံ တင်သွင်းရာမှာ ထောင်ဒဏ် ၂၄ နှစ် လျှော့ချခဲ့ပါတယ်။

အခုအခါ မြစ်ကြီးနားထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုဇာဂနာဟာ နှလုံးနဲ့ သွေးတိုးရောဂါတွေ ခံစားနေရတယ်လို့ သူ့ရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

“ကျန်းမာရေး အခြေအနေက နှလုံး၊ သွေးတိုး အတွက်ကတော့ ဆေးတွေသောက်တာတော့ နည်းနည်းပေါ့။ ဆေးနဲ့ ရောဂါနဲ့ အံကိုက်တယ်ပဲ ပြောရမှာပေါ့။ အဲဒီဆေးတွေတော့ သောက်နေရတယ်။ နောက်ပြီး ထူးထူးခြားခြား ဖြစ်တာကတော့ ကျမ ၁၀ လပိုင်းတခါ၊ ၁၂ လပိုင်းတခါ သွားတော့ ၁၀ လပိုင်းကတည်းက ယားနာတွေ ပေါက်နေတယ်။ အဲဒါ ၁၂ လပိုင်းထိလည်း မပျောက်သေးဘူး။ ကျမက ရှေ့လလောက်မှ သွားဖို့အတွက် ထပ်ကြိုးစားရမယ်ပေါ့။”

နယ်ဝေးထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုဇာဂနာရဲ့ မွေးနေ့အတွက် အမှတ်တရ သတင်းစကားပါးဖို့ ကြိုးစားခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက လက်မခံခဲ့ဘူးလို့လည်း မငြိမ်းက ဆက်ပြောပါတယ်။

“ဒီနေ့ အမှတ်တရကတော့လေ ဒီနေ့ ကျမ မြစ်ကြီးနားထောင်ကို ဖုန်းဆက်လိုက်တယ်။ ဘယ်သူလဲဆိုတော့ မငြိမ်းပါလို့၊ ကိုသူရ ညီမပါ ဆိုတော့ အော် ဟုတ်ကဲ့၊ ပြောတဲ့ဆိုတော့ ဒီနေ့ ကျမအကိုရဲ့ Birthday မို့လို့ Birthday Wish လှမ်းလုပ်တာပါလို့။ ကျမတို့အိမ်က Happy Birthday လို့ ပြောပေးပါဆိုတော့ ပြောပေးလို့ မရပါဘူးခင်ဗျာတဲ့။ ထူးထူးခြားခြား အဖြစ်ကတော့ အဲဒါပေါ့နော်။”

ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကတော့ ကိုဇာဂနာရဲ့ အမှုကို ဗဟိုတရားရုံးမှာ အထူးအယူခံ ထပ်မံ လျှောက်လဲခဲ့ပေမဲ့ ဆုံးဖြတ်ချက် ချမှတ်တာ မရှိခဲ့ပါဘူး။

ကိုဇာဂနာဟာ ၁၉၈၇ ခုနှစ်လောက်က မြပုဏ္ဏမာအငြိမ့်မှာ နိုင်ငံရေးပျက်လုံးတွေ ထုတ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို မကြောက်မရွံ့ ဝေဖန်ခဲ့တာကြောင့် နိုင်ငံအဝန်းမှာ လူကြိုက်များ ထင်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သီးလေးသီး အငြိမ့်အဖွဲ့ကို ဦးဆောင်ခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ပြက်လုံးထုတ် ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG