သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီဗွီဘီ သတင်းထောက်ကို ထောင် ၁၃ နှစ်ချ


နော်ဝေး အခြေစိုက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံကို သတင်းတွေ ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တဦးဖြစ်တဲ့ ကိုငွေစိုးလင်းကို စစ်အစိုးရက အီလက်ထရောနစ် ဥပဒေ၊ နယ်စပ်ဖြတ်ကျော်မှု ဥပဒေတို့နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံထားရတဲ့ ကိုငွေစိုးလင်းကို စီရင်ချက် ချခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်နေ့က ကျောက်မြောင်းက အင်တာနက်ဆိုင်တဆိုင်က အထွက်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက် အပါအဝင် ၁၃ နှစ် ချမှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“သူ့ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတယ်၊ လဝက အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၁၃(၁) နဲ့ ၃ နှစ်ချတယ်၊ ဒီနေ့။ ချုပ်ရက် ခံစားခွင့်ပြုတယ်ဆိုတာ၊ အဲဒီမှာ ချုပ်ရက်ကို ခံစားခွင့်ပြုတဲ့ ဖမ်းတဲ့နေ့က ပေါ်လွင်တာကိုး။ ဖမ်းတဲ့နေ့က ပေါ်လွင် ထင်ရှားပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတယ်ဆိုပြီး ဖော်ပြတယ်။ ဒါ နည်းနည်း ထူးခြားလာတာပေါ့လေ။ ပထမတုန်းက ရုံးတင်တဲ့ရက်ကို စပြီး ယူတာများတယ်။”

ကိုငွေစိုးလင်းထံကနေ ဗွီဒီယို ကင်မရာကို သိမ်းယူခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“အဲဒီကောင်လေးက ဘယ်လိုဖြစ်တာလဲဆိုတော့ သူ ကျောက်မြောင်း အင်တာနက်ဆိုင်က အထွက်မှာ သူ့ကို ဝင်ဖမ်းတာပဲ။ သူက အခု စစ်တွေထောင်မှာ ကျနေတဲ့ အောင်အောင်ရဲ့ ညီလို့တော့ ပြောတယ်။ သူက ဒီဗွီဘီ သတင်းထောက်အဖြစ် ဆောင်ရွက်ပေးတယ် ဆိုတဲ့ဟာနဲ့ စွဲတာပဲ။ သူနဲ့အတူ တွဲစွဲတဲ့ ကောင်လေးတယောက် ရှိသေးတယ်။ နှစ်ယောက်အတူ စွဲတာ။ တယောက်ကိုတော့ ပြန်လွှတ်လိုက်တယ်။

“သူ့ကို ဒီဗွီဘီ သတင်းထောက် ဖြစ်တယ်ဆိုပြီး ကင်မရာတွေ ဘာတွေ သိမ်းသွားတယ်။ အဲဒါတွေ သက်သေခံ သွင်းတာပေါ့၊ တရားရုံးကို။ အဲဒါ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတာပေါ့။ နောက်တခါ ဟိုဘက်ကမ်းကို သွားဖူးတယ်ဆိုတဲ့ဟာနဲ့ အထောက်အထားလည်း မရှိဘဲနဲ့၊ ဘယ်တုန်းက သွားတာလဲဆိုတဲ့ အထောက်အထား တိတိကျကျ မရှိဘဲနဲ့ ၁၃(၁) အရ ၃ နှစ် ပြစ်ဒဏ်ပေးတာပဲ။”

ကိုငွေစိုးလင်းကို ရန်ကုန် အနောက်ပိုင်းခရိုင် အင်းစိန် သီးသန့်ရုံးကနေ ရဲမှူးဝင်းကြည်က တရားစွဲတာ ဖြစ်ပါတယ်။ အခုဆိုရင် သတင်းသမားတွေကို စွဲချက်တွေတင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာပဲ ဒီမိုကရက်တစ် မြန်မာ့အသံက သတင်းထောက် မလှလှဝင်းကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခံရတဲ့ သတင်းသမား တဦးကိုလည်း အိုးဘိုထောင် ကြိုးတိုက်မှာ ထားပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG