သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ မြန်မာ့အရေး ထိပ်တန်းသတင်းများ


၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းသတင်းများကို ဧရာဝတီသတင်း အယ်ဒီတာ ဦးအောင်ဇော် နဲ့ ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်း) တို့ ပြန်လည်ဆွေးနွေး သုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းကြီးတွေ ဘာတွေများရေးခဲ့ရသလဲ။ နည်းနည်းပြန်ပြီးတော့ ဆန်းစစ်ကြည့်ရအောင်ပါ။

ဦးအောင်ဇော် ။ ။ ကျနော်တို့ မထင်မှတ်ဘဲနဲ့ cover လုပ်ခဲ့ရတဲ့ သတင်းကြီး လေးငါးခုလောက်ရှိမယ်လို့ ကျနော်ထင်တယ်။ ပထမဦးဆုံး ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလမှာဆိုရင် ရိုဟင်ဂျာ boat people တယ်ဆိုပြီးတော့ ထိုင်းနိုင်ငံရောက်လာတဲ့ကိစ္စ၊ အဲဒါပြီးတော့မှ တကယ့် အကြီးအကျယ်လုပ်ခဲ့ရတာတော့ John Yettaw ကိစ္စ - ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲကို ရေကူးဝင်တဲ့ အမေရိကန်လူမျိုးကိစ္စ၊ အဲဒါနဲ့ နောက်ဆက်တွဲမှာတော့ တရားရုံးကိစ္စ။ အဲဒီသတင်းကို သုံးလေးငါးလ လုပ်ခဲ့တယ်။ အဲဒါနဲ့တချိန်တည်းမှာဘဲ မြောက်ကိုရီးယားက ကန်နမ်ဝမ် (Kang Nam 1) ဆိုတဲ့ သင်္ဘော မြန်မာပြည်ကိုသွားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြီးအကျယ်။ နောက်ဆက်တွဲတွေမှာ နျူကလီးယားကိစ္စတွေ၊ မြန်မာစစ်အစိုးရကနေ ဥမင်လှိုဏ်ခေါင်းတွေ ဖောက်နေတယ်ဆိုတဲ့ကိစ္စတွေ။ ပြီးတော့ အမေရိကန်အစိုးရ ပေါ်လစီပြောင်းတဲ့ကိစ္စ၊ အမေရိကန်အစိုးရရဲ့  ထိပ်တန်းအဆင့်မြင့် အရာရှိတွေ ရန်ကုန်၊ နေပြည်တော်ကို သွားလည်တဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ကိစ္စ၊ စစ်အစိုးရနဲ့ တွေ့တဲ့ကိစ္စတွေကတော့ ကျနော်တို့ အကြီးအကျယ် cover လုပ်ခဲ့တဲ့ တကယ်ကို မမောနိုင်မပန်းနိုင် လုပ်ခဲ့ရတဲ့ကိစ္စတွေဘဲ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်မှုးကြီးဆီ ရေးတဲ့စာကိစ္စကလည်း သတင်းကြီးမှာပါသလား။

ဦးအောင်ဇော် ။ ။ ပါပါတယ်။ ပြောဖို့မေ့သွားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ကနေ ဗိုလ်ချုပ်မှုးကြီးဆီကို စာပို့တဲ့ကိစ္စတွေ၊ အန်အယ်လ်ဒီမှာ အသက်အရွယ် အတော်ကြီးနေတဲ့ အန်ကယ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးတဲ့ကိစ္စတွေ အကုန်လုံးကတော့ အဖြေထွက်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တဲ့ကိစ္စက ဒီသတင်းတွေ၊ ဒီဖြစ်ရပ်တွေက မြန်မာ့နိုင်ငံရေးမှာ ကောင်းကျိုးသော်လည်းကောင်း၊ ဆိုးပြစ်သော်လည်းကောင်း သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်မလဲဆိုတာကို ကျနော်တို့ စဉ်းစားကြည့်တာပေါ့။ ပထမဦးဆုံး ကျနော်မေးချင်တာတခုက သတင်းတွေနဲ့ ပတ်သက်ပြီးတော့ သံသယဖြစ်စရာတွေက John Yettaw ကိစ္စဆို မြန်မာနိုင်ငံ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လျှက်ထိန်းချုပ်ထားဖို့ လိုအပ်နေတဲ့အချိန်မှာ ကွက်တိဖြစ်လာတယ်။ တိုက်ဆိုင်တာလား၊ conspiracy လားလို့ ပြောတာတွေ ရှိပါတယ်။ အဲဒီကိစ္စကို သတင်းသမားအနေနဲ့ ဘယ်လိုများသိခဲ့ရပါသလဲ။

ဦးအောင်ဇော် ။ ။ ကျနော်ထင်တာ ကိုကျော်ဇံသာလည်း ဒီကိစ္စကို ဗွီအိုအေကနေ အကြီးအကျယ် cover လုပ်ခဲ့တာဘဲ။ ကျနော်မြင်တာကတော့ အခုထက်ထိ ကြံစည်းမှုလား conspiracy လား၊ ဒါမှမဟုတ် ရိုးရိုးသားသား ဝင်သွားတဲ့ကိစ္စကို အခုထက်ထိ ဘယ်သူမှ အဖြေမထွက်နိုင်သေးဘူး။ ဒါပေမဲ့ တချိန်တည်းမှာ John Yettaw က ရန်ကုန်မသွားခင်ကတည်းက နယ်စပ်မှာနေခဲ့တယ်။ နအဖဘက်က သူလျှိုဒလံလုပ်သူတချို့ နဲ့ တွေ့ခဲ့တယ်။ သူကိုလည်း ပထမတခေါက် သွားခဲ့တာသိရဲ့ နဲ့ ဗီဇာထပ်ပေးတယ်ဆိုတဲ့အချက်တွေအပေါ် မူတည်ပြီးတော့ ဟိုဘက်လူတွေ လက်ချက်တွေပါနေသလား။ တမင်သက်သက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်သလားဆိုတဲ့ သံသယတွေကလည်း အများကြီးထွက်တယ်။ အခုထက်ထိတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့သတင်းသမားတွေကိုယ်တိုင်က ဒါကို ယတိပြတ်အဖြေ မတွေ့သေးဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြောက်ကိုရီးယားသင်္ဘောနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမှာ ဥမင်လှိုဏ်ခေါင်းတူးတယ်၊ နျူကလီးယားစီမံကိန်းတွေ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး။ ဥမင်လှိုဏ်ခေါင်းဆိုတာကလည်း တကယ်တော့ တောင်ကိုဖြတ်ပြီးတော့ မီးရထားလမ်းဖောက်တာတို့၊ ဆည်မြောင်းတည်ဆောက်ရေး ဓါတ်ပုံသာဖြစ်တယ်ဆိုတဲ့ သတင်းတချို့ လည်း ထွက်လာခဲ့တယ်။ အဲဒါကို ဘယ်လိုမြင်သလဲ။

ဦးအောင်ဇော် ။ ။ ကျနော်မြင်တာကတော့ ကျနော်တို့သတင်းသမားတွေက စိတ်မလှုပ်ရှားဖို့တော့လိုတယ်။ ဒီသတင်းမျိုးတွေ ထွက်လာတာကြာပြီ။ ဒီသတင်းမျိုးတွေနဲ့ ပတ်သက်ပြီးတော့ အတိုက်အခံတွေ (အပြင်၊အထဲ)၊ အတိုက်အခံ မီဒီယာဆိုသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖန်တီးချင်တာတွေ အများကြီးရှိတယ်ဆိုတဲ့အခါကြတော့ အီရတ်ကိစ္စကိုကြည့် သူမှာ နျူကလီးယားမရှိဘဲနဲ့ weapon of mass destruction မရှိဘဲနဲ့ အမေရိကန်ဝင်သိမ်းတဲ့ကိစ္စတွေ ဖြစ်ခဲ့တယ်။ နမူနာယူစရာတွေပေါ့။ ဆိုတဲ့အခါကြတော့ ဥမင်လှိုဏ်ခေါင်းဖောက်တဲ့ကိစ္စတွေ၊ ရေကာတာကြီးတွေ ဆောက်တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ဓါတ်ပုံတွေက ဆင်တူယိုးမှားတွေအများကြီး ဖြစ်နိုင်စရာရှိတယ်။ ဒါအပြင် ဒီကိစ္စကို အသေအချာ မစုံစမ်းဘဲနဲ့ မြန်မာသတင်းထောက်တွေ၊ အယ်ဒီတာတွေ မဟုတ်ဘဲ၊ မြန်မာ publications တွေ မဟုတ်ဘဲနဲ့ နိုင်ငံခြား တကယ့်နံမည်ကြီး မြန်မာ့အရေးလိုက်စား ရေးသားနေသူများကိုယ်တိုင် ဒီကိစ္စကို တဖက်သတ် စွပ်စွဲချက်တွေနဲ့ ရေးတာအများကြီးရှိတယ်။ ထူးခြားတာက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရက လုံးဝရေငုံနှုတ်ပိတ် နေတဲ့ကိစ္စဘဲ။ John Yettaw နဲ့ ဒီကိစ္စကို ယှဉ်ကြည့်ရင် John Yettaw ကိစ္စမှာ မြန်မာစစ်အစိုးရက သူဘက်ကနေ ပြောတာတွေရှိတယ်၊ ဖြေရှင်းတာတွေရှိတယ်၊ သတင်းစာ ရှင်းလင်းပွဲလုပ်တာတွေရှိတယ်။ သူတို့ဘက်မှာ transparency ရှိတယ်ဆိုတာကို အတိုင်းအတာတခုပြတယ်။ ဒါပေမဲ့ ဒီကိစ္စမှာကြတော့ မြန်မာစစ်အစိုးရက လုံးဝရေငုံနှုတ်ပိတ်နေတာကို တွေ့ရတယ်။ အဲဒါကြောင့်ဘဲ သံသယပိုကြီးထွားစေတယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းလောပေါ့။

ဦးအောင်ဇော် ။ ။ ဒါလည်း ဖြစ်နိုင်တာပေါ့။

ဦးကျော်ဇံသာ ။ ။ နျူကလီးယားကိစ္စကတော့ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးအတွက် တကယ်သာဖြစ်ခဲ့ရင် အများကြီးအကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ နောက်ကျန်တဲ့သတင်းတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိကြီးတွေနဲ့ စပြီးအဆက်အသွယ်ဖြစ်တယ်ဆိုတဲ့ကိစ္စ။ နောက်ပြီးတော့ ဒါနဲ့တဆက်တည်း ဒေါ်အောင်ဆန်းစုကြည် စာရေးတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လျောမှုတချို့ လုပ်တယ်လို့ စစ်အစိုးရဆိုတယ်။ အဲဒါတွေကြတော့ မြန်မာနိုင်ငံရေးအတွက် အရေးကြီးတဲ့ကိစ္စတွေဖြစ်မယ်လို့ ထင်သလား။

ဦးအောင်ဇော် ။ ။ အိုဘားမား အစိုးရရဲ့  ပေါ်လစီအပြောင်းအလဲက အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ကျနော်တို့က အရေးကြီးတယ်လို့ ထင်နေပေမယ့် တကယ်တမ်းကြတော့ အဖျားရှူးသွားပြီလားဆိုတဲ့ အတွေးလေးတွေ ပြန်လာတာရှိတယ်။ ဘာကြောင့်လည်းဆိုတော့ အခုဆိုရင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell၊ Scott Marciel တို့ သွားကြတယ်။ ဒါပေမဲ့ နအဖစစ်ဗိုလ်ချုပ်ကြီးသန်းရွှေ နဲ့ တွေ့ခွင့်မရခဲ့ဘူး။ ဝန်ကြီးချုပ်နဲ့ဘဲ တွေ့ခွင့်ရခဲ့တယ်။ မြန်မာနအဖ စစ်အစိုးရက အပေးအယူကို လုပ်ချင်တဲ့ပုံစံမရှိဘူးဆိုတာကို တွေ့ရတယ်။ ကိုကျော်ဇံသာ ဘယ်လိုထင်သလဲ မသိဘူး။ ကျနော်မြင်တာက တကယ့်တကယ် သူလုပ်ချင်တာက limited engagement လုပ်ချင်ပုံရတယ်။ အတိုင်းအတာ ကန့်သတ်မှုနဲ့ လုပ်ချင်ပုံရတယ်။ တကယ့်တကယ် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်ကောင်းဖို့အတွက် သူဘက်က အကုန်လျှော့ပေးရမယ့်ဆိုတာဟာမျိုး လုပ်ချင်ပုံမရဘူး။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက သူတို့လိုချင်တာကိုတော့ ယူချင်တယ်။ သူတို့ဘာတွေ ပေးနိုင်သလဲ၊ ဘယ်လောက်ပေးမယ်ဆိုတာကို ပြတ်ပြတ်သားသား မရှိဘူး။

ဦးအောင်ဇော် ။ ။ မပြဘူး။ အမေရိကန်ဘက်က လျှော့ချင်လိုသွားတာ မဟုတ်ဘူး။ သွေးတိုးစမ်း သွားတဲ့အခါကြတော့ ဟိုဘက်ကလည်း မလျှော့ဘူးဆိုတာ သိသွားတော့အခါကြတော့ အမေရိကန်ကိုယ်တိုင်က မြန်မာစစ်အစိုးရကို အတော်စိတ်ပျက်ပုံရတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့စာနဲ့ ပတ်သက်ပြီးတော့ ပထမစာမှာပါတဲ့ အချက်တွေကို လိုက်လျောခဲ့တယ်။ ဒုတိယစာမှာ လူကြီးတွေကို ကတော့ခွင့်ပေးထားတယ်။ ဒီဟာတွေရော ဆက်ပြီဖြစ်ဖို့ရှိလား။

ဦးအောင်ဇော် ။ ။ ဒေါ်အောင်ဆန်းစုကြည်က သူဘက်က အမှီပြန်လိုက်ရပုံရတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာစစ်အစိုးရက ၂၀၁၀ မှာ elections လုပ်မယ်၊ referendum ပြီးသွားပြီ။ ဘယ်သူတားတားမတားတား ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် သူလုပ်ချင်တာလုပ်မှာဘဲ။ ဆိုတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန်ကယ်ကြီးတွေကို သူလွှတ်ထားတာကြာပြီ။ ဒီ အန်ကယ်ကြီးတွေကလည်း ဘာမှ မလုပ်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ထွက်ပြီးတော့ နိုင်ငံရေးအရ ကစားရတယ်၊ ပြန်ပြီး relevant ဖြစ်အောင် လုပ်ရမယ်ဆိုပြီတော့ သုံးသပ်တာတွေ ကျနော်တို့ကြားရတယ်။ တချိန်တည်းမှာ နအဖဘက်က မသိမသာ အချက်အလက်တချို့ ကို လိုက်လျောပေးတာ တွေ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ နအဖ စစ်အစိုးရလည်း (ကျနော်ပြန်တွေးကြည့်တော့) တကယ်လို့ အန်အယ်လ်ဒီ ပါတီကို ၂၀၁၀ elections ပေးဝင်ခွင့်ရရင် ဒီလို အန်ကယ်ကြီးတွေနဲ့ ဝင်စေချင်ပုံမရဘူး။ သူက တခြားလူတွေနဲ့ ပေးဝင်စေချင်ပုံရလားဆိုတဲ့ သုံးသပ်ချက်မျိုးတွေလည်း ပြည်တွင်းမှာရှိတာ သိရတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တခုစဉ်းစားမိတာက စစ်အစိုးရသည် စည်းလုံးညီညွတ်၍ အင်အားကြီးမားသော အန်အယ်လ်ဒီကို တကယ်လိုချင်ပါသလား။ Strong and United NLD ဟာ စစ်အစိုးရရဲ့  တကယ်လိုအပ်ချက် ဖြစ်သလား။ ဒီလို အန်အယ်လ်ဒီ အင်အားကြီးပြီးတော့ strong and united ဖြစ်လာရင် စစ်အစိုးရက သူတို့အတွက် မစိုးရိမ်ဘူးလားဆိုတဲ့ သံသယမျိုး ရှိမယ်လို့ ထင်တယ်။ အဲဒီလိုဆိုရင် အန်အယ်လ်ဒီ ကို တကယ်ပဲ စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာ ဖြစ်အောင်လုပ်ပြီးတော့ ရွေးကောက်ပွဲ ပေးဝင်ပါ့မလား။

ဦးအောင်ဇော် ။ ။ ကျနော်တော့ မထင်ဘူး။ နအဖစစ်အစိုးရအနေနဲ့ အတိုင်းအတာတခုထိဘဲ elections ဝင်စေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ elections ကို တရုတ်၊ အမေရိကန်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေက inclusive ဖြစ်ရမယ်လို့ ပြောကြတာကို။ ဆိုတဲ့အခါကြတော့ ကျနော်မြင်တာက အဲဒီလို inclusive ဖြစ်ပါတယ်ဆိုတဲ့ ပုံစံလေးဝင်အောင် သူကလုပ်ချင်ပုံရတယ်။ တကယ့် strong united ပုံစံနဲ့ ဝင်လာစေချင်တယ်လို့ ကျနော်မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ ၂၀၀၉ အတွင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထွေအထူး ဘာမှဖြစ်မလာခဲ့ဘူး။ ရွေးကောက်ပွဲ ဥပဒေလည်း လူတွေက မျှော်လင့်ခဲ့ကြတယ်။ ထွက်မလာတဲ့အတွက် တချို့ လည်း သံသယဝင်ကြတယ်။ ရွေးကောက်ပွဲမှ ဆက်လုပ်ပါ့မလား။

ဦးအောင်ဇော် ။ ။ ဘယ်လိုထင်သလဲ။

ဦးကျော်ဇံသာ ။ ။ အဲဒါကြောင့် ကိုအောင်ဇော် က နီးနီးနားနား စောင့်ကြည့်နေတယ်လူဆိုတော့။

ဦးအောင်ဇော် ။ ။ ဦးကျော်ဇံသာ က ဘယ်လိုထင်တယ်ဆိုတာကို အရင်ပြောပါ။

ဦးကျော်ဇံသာ ။ ။တချို့ ကလည်း မကြာခင်လုပ်တော့မှာ၊ ထွက်လာတော့မှာ၊ ပါတီကို ဖွဲ့စည်းဖို့ အချိန် (၃) လပေး၊ ရွေးကောက်ပွဲ ပြင်ဆင်ဖို့၊ စည်းရုံးဖို့ (၆) လ ပေးပြီးတော့ နောက် (၉) လပြည့်ရင် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် တွက်နေကြတာဘဲ။ တွက်ကိန်းတွေက အများကြီးရှိနေတော့ ဘာများဖြစ်နိုင်မယ် ထင်ပါသလဲ။

ဦးအောင်ဇော် ။ ။ ကျနော်ထင်တာကတော့ တွက်လိုမရဘူးထင်တယ်။ ကျနော်တို့က ဦးနေဝင်း ထက် တွက်ရခက်တဲ့လူတယောက် အုပ်စိုးတာကို ခံနေရတာကို။ referendum လုပ်တုန်းကလည်း တိုင်းပြည်တဝက်က ရေနှစ်နေတဲ့အချိန်မှာ သူလုပ်သွားတာဘဲ။ ဆိုတဲ့အခါကြတော့ တချို့ က သူနိုင်ဖို့အတွက်ကို လုပ်မယ်ဆိုရင်တော့ သူက မပြောမဆိုနဲ့ဘဲ ဖုတ်ပူမီးတိုက် လုပ်သွားမယ်လို့ ထင်တယ်။ ကျနော်မြင်တာကတော့ တကယ့်တကယ် elections လုပ်ပြီဆိုရင် အဲဒီ elections လုပ်မယ့် တပတ်နှစ်ပတ် ကာလက တိုင်းပြည်ရဲ့  ကံကြမ္မာ အရေးကြီးဆုံးအချိန်လို့ ထင်တယ်။ အဲဒီအချိန်မှာ နအဖ ကိုယ်တိုင်ကိုက သူနိုင်မယ်မနိုင်ဘူးဆိုတာ သေချာတယ်လို့ သူမထင်ဘူး။ အဲဒါကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေကို အပြီး ထိန်းတယ်လို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် က တခွန်းပြောလိုက်ရင်၊ တိုင်းရင်းသားခေါင်းဆောင်တွေက တခွန်းပြောလိုက်ရင် တိုင်းပြည်ကံကြမ္မာ လုံးဝပြောင်းသွားနိုင်တယ်။ အဲဒီ elections results ကလည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တွက်ထားသလို ဖြစ်လာမှာမဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားဆိုလို့ ကျနော်တို့ နောက်ဆုံးဖြည့် ဆွေးနွေးရမယ့်ကိစ္စက တိုင်းရင်းသားကိစ္စ။ ကျနော်တို့ အရေးကြီးတယ်လို့ ပြောခဲ့တဲ့သတင်းတွေထဲမှာ တိုင်းရင်းသားတွေကို သူတို့လက်အောက် သိမ်းသွင်းဖို့ လုပ်တဲ့ကိစ္စ အားထုတ်မှုကလည်း တော်တော်အရေးကြီးခဲ့တယ်။

ဦးအောင်ဇော် ။ ။ ဒါက နောက်ဆုံးပိတ်မှာ BGF (Border Guard Forces) ပြောင်းမပြောင်းကိစ္စကို မြန်မာနအဖ စစ်အစိုးရကနေ အရေးယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုးကန့် ထွက်သွားတဲ့ကိစ္စ။ ကျနော်ထင်တယ် မြန်မာပြည်အရေးမှာ ကျနော်တို့ ဗမာတွေဘဲ အများစုက ဒေါ်အောင်ဆန်းစုကြည် ဟာ ဦးသန်းရွှေ လို့ ကြည့်ကြတာများတယ်။ အမှန်တော့ အားလုံးမကြည့်ကြတဲ့ကိစ္စတခုက ဘာလည်းဆိုတော့ မေ့နေတဲ့ကိစ္စက ဘာလည်းဆိုတော့ တိုင်းရင်းသားအရေးဖြစ်တယ်။ တိုင်းရင်းသားအရေးကို လစ်လျှုရှူရင် ကျနော်တို့ ပြဿနာအကြီးအကျယ်ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၀၉ ခုနှစ်ကို အားလုံး လွှမ်းခြုံပြီးတော့ ကြည့်မယ်ဆိုရင် ဘယ်အကြောင်းအရာမှ ပြတ်ပြတ်သားသား မရှိခဲ့ဘူး။ သို့လော် သို့လော်နဲ့ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေသာ များနေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ၂၀၁၀ ကြတော့ကော အဖြူအမဲ ကွဲလွဲလာမယ့် ဖြစ်ရပ်တွေ ရှိနိုင်မလား။

ဦးအောင်ဇော် ။ ။ ၂၀၁၀ မှာတော့ အရေးကြီးဆုံးကတော့ elections မှာဘဲ။ elections ကတော့ သူတို့ မဖြစ်ဖြစ်အောင် လုပ်မယ်။ ၂၀၁၀ elections ကိုဘဲ အားလုံးက စောင့်ကြည့်ကြမယ်ထင်တယ်။ အဲဒါက အဖြူအမဲကွဲတာနဲ့ results ဘာလို့ဖြစ်မလဲ။ နအဖရဲ့  ပုံသဏ္ဍာန် ဘယ်လိုပြောင်းလဲသွားမလဲ။ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်ကြမလား။ အတိုက်အခံတွေ တိုင်းရင်းသားတွေရဲ့  အနေအထားက ဘယ်လိုရှိမလဲ။ မေးခွန်းပေါင်း ထောင်နဲ့သောင်းနဲ့ချီ ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၀ ရွေးကောက်ပွဲပင် မြန်မာ့နိုင်ငံရေးအတွက် အဖြေထက်မေးခွန်းတွေ ပိုပေါ်ထွက်လာမယ့်ကိစ္စလို့ ဆိုရမှာပေါ့။

ဦးအောင်ဇော် ။ ။ ဟုတ်တယ်။ ကျနော်ထင်တယ် ကျနော်တို့ အပြင်၊ အတွင်း သတင်းထောက်တွေ အနေနဲ့ ပိုပြီးလုံလဝရီယရှိရှိနဲ့ ပိုပြီးအလုပ်လုပ်ရမယ်လို့ ထင်တယ်။ အထဲနဲ့အပြင်နဲ့ ပိုပြီးအလုပ်တွေ ပိုလုပ်နိုင်မယ်။ ဒီနှစ်ဆိုရင်လည်း အထဲက မလုပ်နိုင်တာတွေကို အပြင်က လုပ်နိုင်တာတွေ့ရတယ်။ အပြင်က မလုပ်နိုင်တာတွေကိုလည်း အထဲက လုပ်နိုင်တာတွေ့ရတယ်။ အထဲနဲ့အပြင်နဲ့ cooperation ပိုကောင်းလာတယ်။ News စီးဆင်းမှု သတင်း စီးဆင်းမှု အရင်ကထက်ဆရင် ပိုပြီးတော့ မြန်လာတယ်။ ဒါအပြင် ထူးခြားတာတခုက နျူကလီးယားကိစ္စမျိုး၊ ဥမင်လှိုဏ်ခေါင်းကိစ္စမျိုးတွေ၊ North Korea ကိစ္စမျိုးတွေ မြန်မာနအဖ စစ်အစိုးရထဲကိုက ဗိုလ်ချုပ်တွေအဆင့်လောက်ရှိတဲ့ လူမျိုးတွေကိုယ်တိုင်က ဒီဘက် အပြင်က မီဒီယာတွေကို အသုံးချပြီးတော့ အတင်း သတင်းတွေကို ဖောက်ကြားတဲ့ကိစ္စတွေ ပိုများလာတာကို တွေ့ရတယ်။ သဘောက အံ့သြဖို့ကောင်းတယ်။ ဒါအပြင် အခု elections ကိစ္စမှာ အဲဒါမျိုးတွေ ပိုများလာမယ်လို့ ထင်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG