သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား နိုင်ငံတော် အခြေပြ မိန့်ခွန်း စီးပွားရေး ဇောင်းပေး


အမေရိကန် ပြည်ထောင်စုမှာ ထိခိုက်ခဲ့ရတဲ့ စီးပွားရေးနဲ့ တခြားပြဿနာတွေကို အတူတကွ ဖြေရှင်းကြဖို့နဲ့ အစိုးရအပေါ် အယုံအကြည် လျော့နည်းလာနေတာတွေ မရှိရလေအောင် ဝိုင်းပြီး လုပ်ဆောင်ကြဖို့ အမေရိကန် ပြည်သူတွေကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တိုက်တွန်းလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက သမ္မတ အိုဘားမား ပြောဆိုခဲ့တဲ့ နှစ်စဉ် နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ စီးပွားရေး ပြဿနာကို ထိပ်တန်းဦးစားပေး ဖြေရှင်းရေး အဓိကထား ပြောဆိုခဲ့တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ကင့်တ် ကလိုင်း (Kent Klein) ဝါရှင်တန်ဒီစီကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ရွေးကောက်ပွဲကာလ ၂၀၀၈ ခုနှစ်တုန်းက သူ မဲဆွယ်ခဲ့တဲ့အခါ အပြောင်းအလဲတွေ လုပ်မယ်ဆိုပြီး ကတိတွေ ပေးခဲ့တာကို အမေရိကန် ပြည်သူတွေ အနေနဲ့ စိတ်ပျက်နေတာတွေ၊ မကျေမနပ် ဖြစ်နေတာတွေနဲ့ သံသယဝင်တာတွေ ရှိနေပြီဆိုတာကို သူ ကောင်းကောင်း သဘောပေါက်တယ်လို့ ဆိုပါတယ်။ အပြောင်းအလဲလုပ်ဖို့ ဆိုတာက လွယ်ကူတဲ့အရာ မဟုတ်ဘူး ဆိုပေမဲ့လည်း ဖြစ်အောင် သူ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လက်မလျှော့ဘူး၊ ကျနော်လည်း လက်မလျှော့ဘူး။ ဒီအခြေအနေကနေပဲ အခြေအနေသစ် တခုကို ကျနော်တို့ စတင်ကြရအောင်ပါ။ ကျနော်တို့ရဲ့ ဆန္ဒတွေကို အကောင်အထည် ပေါ်လာအောင် ကျနော်တို့ရဲ့ အားကောင်းတဲ့ စုစည်းညီညွတ်မှုကို နောက်တကြိမ် ပြသကြရအောင်ပါ။”

သမ္မတ အိုဘားမားက တနာရီလောက်ကြာတဲ့ မိန့်ခွန်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးရှေ့မှာ ပြောဆိုခဲ့တာပါ။ လူတွေ မကျေမနပ်ဖြစ်ပြီး တုံ့ပြန်တာမျိုးကို သမ္မတ အိုဘားမားက အကြိမ်တော်တော်များများ ကြုံခဲ့ဖူးပါတယ်။

“အမေရိကန် ဒေါ်လာငွေ တန်ဖိုး ကျဆင်းနေတာထက် ပိုဆိုးတဲ့အရာတွေ ကျနော်တို့ ရင်ဆိုင်နေရတယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ လေးနက်တဲ့ ယုံကြည်မှုတွေ လျော့နည်းနေတာတွေကို ကြုံနေရတယ်။ နောက်လာမယ့် နှစ်တွေမှာ အစိုးရက တိုးတက်မှုတွေရအောင် လုပ်ဆောင်နိုင်ပါ့မလား ဆိုပြီး သံသယ ဖြစ်တာတွေကိုလည်း ကြုံနေရပါတယ်။”

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ဦးရေ ၁၀% လောက် ကျဆင်းလာတာကို ပြည်သူတွေ တော်တော်များများက စိုးရိမ်ပြီး စိတ်ဓာတ်ကျနေကြပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် အလုပ်အကိုင်တွေ နောက်တကြိမ် ပြန်ရနိုင်ရေး ဥပဒေကို အတည်ပြု ချမှတ်ပေးဖို့၊ အဲဒီကိစ္စအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ပူးပေါင်း လုပ်ဆောင်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းခဲ့ပါသေးတယ်။

“ပြည်သူတွေ အလုပ်အကိုင် မရှိဘဲ ဖြစ်နေကြတယ်။ ဒါဟာ သူတို့အတွက် ထိခိုက်မှုပဲ။ ကျနော်တို့ရဲ့ ကူညီမှု သူတို့ လိုအပ်နေကြတယ်။ အလုပ်အကိုင် ဖန်တီးရေး ဥပဒေကို ကျနော် အတည်ပြုပေးဖို့ ကျနော့်စားပွဲကို အမြန်ဆုံး ရောက်လာစေချင်ပါတယ်။”

သမ္မတရဲ့ဲ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်တွေထဲမှာ နောက် ၅ နှစ်အတွင်း အမေရိကန် ပြည်ပပို့ကုန်တွေ ၂ ဆ တိုးလာရေး၊ ပြည်တွင်းအုပ်ချုပ်ရေး အသုံးစရိတ် တော်တော်များများကိုလည်း ၃ နှစ်လောက် ထိန်းချုပ်ထားဖို့ အရေးတွေ ပါဝင်ပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၁ ခုနှစ်မှာ စပါလိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စနစ်တွေ ပြုပြင်ပြောင်းလဲဖို့ ကိစ္စကိုလည်း ဒီမိုကရက်ပါတီက ဥပဒေပြု အမတ်တွေ အနေနဲ့ ပစ်မထားကြဖို့၊ ဒါဟာ သူ့အစိုးရ အုပ်ချုပ်မှုမှာ အဓိက ဦးစားပေး ကိစ္စတရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြုပြင်ပြောင်းလဲရေးကနေ အဝေးကို ရှောင်ထွက်မသွားကြပါနဲ့။ ကျနော်တို့ ကြိုးစားနေတာ တော်တော်လေးကို နီးကပ်နေတဲ့ အချိန်ကျမှ ရှောင်မနေကြပါနဲ့။ အမေရိကန် ပြည်သူတွေအတွက် အလုပ်ကို ပြီးအောင် လမ်းကြောင်းရှာပြီး ဝိုင်းလုပ်ကြရအောင်ပါ။”

နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး သမ္မတ ပြောသွားခဲ့တဲ့ အထဲမှာ သြဂုတ်လကုန်ကျရင် အီရတ်မှာရှိတဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ အားလုံး ပြန်ရုပ်သိမ်းမယ်လို့လည်း ထပ်ပြောသွားပါသေးတယ်။

“ဒါပေမဲ့ အမှားမရှိအောင် လုပ်ရမယ်။ ဒီစစ်ပွဲဟာ ပြီးနေပြီ။ ကျနော်တို့ တပ်ဖွဲ့တွေ အားလုံး အိမ်ကို ပြန်လာရတော့မယ်။”

အာဖဂန်နစ္စတန် စစ်ပွဲမှာလည်း အမေရိကန်က အောင်မြင်ရမယ်လို့ ယုံကြည်တဲ့အကြောင်း၊ နိုင်ငံတကာက ဝိုင်းပြီး အထီးကျန်ထားတဲ့ အီရန်နဲ့ မြောက်ကိုရီးယားက နျူကလီးယားလက်နက် ပြဿနာတွေကို ပြေလည်နိုင်အောင်လည်း သံတမန်ရေး နည်းလမ်းတွေကို အသုံးပြုပြီး ဆောင်ရွက်နေတဲ့အကြောင်း နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမား ပြောသွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG