သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် ဗုံးခွဲဖို့ ကြံစည်ဟု စစ်အစိုးရ စွပ်စွဲချက် KNU နဲ့ BLC ငြင်းဆို


၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြံစည်ခဲ့သူ ၁၁ ယောက်ကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာမှာ ဒီကနေ့ စွပ်စွဲ ဖော်ပြထားတဲ့ အချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ နာမည်နဲ့တကွ ဖော်ပြခံထားရတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက ဘယ်လို တုံ့ပြန်ကြသလဲဆိုတာ သိနိုင်အောင် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေသူ ကိုကျော်ဇေလင်း ခေါ် ကိုဆိုင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းစာထဲမှာ ကိုကျော်ဇေလင်းဟာ ထိုင်းနိုင်ငံအခြေစိုက် BLC မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပို့ချတဲ့ ဖောက်ခွဲရေး သင်တန်းတွေကို တက်ခဲ့ပြီး အခုလို ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ စွပ်စွဲ ရေးသားထားတာပါ။

ကိုကျော်ဇေလင်းဟာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီနဲ့ လုံး၀ ပတ်သက်ခြင်း မရှိဘူးလို့ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျော်ဇေလင်း ခေါ် ကိုဆိုင်းဆိုတဲ့ ပုဂ္ဂိုလ်ကို မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အမှန်အတိုင်း ပြောရရင် ကျနော်တို့ သိတောင်မသိပါဘူး။ ဒီသတင်းစာ ထွက်လာခဲ့အခါမှ နာမည်နဲ့ ဓာတ်ပုံ ကျနော် တွေ့လိုက်ရတယ်။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှာ နိုင်ငံရေး အံတုမှုသင်တန်း တက်တယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး အံတုမှုသင်တန်းဆိုတဲ့ သင်တန်းမျိုးကို မြန်မာနိုင်ငံ ရှေ့နေများကောင်စီက တခါမှ ပေးခဲ့တာ မရှိပါဘူး။ တခြားအဖွဲ့တွေ ပေးပါတယ်။ ဒါ လေ့လာကြည့်လို့ ရပါတယ်။

“နောက်တခုက ဖောက်ခွဲရေးသင်တန်း တက်တယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အကြမ်းဖက်တဲ့ လုပ်ငန်းတွေကို လုပ်တဲ့ အဖွဲ့အစည်း လုံး၀ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က မြန်မာ့အလင်းမှာပါတဲ့ ရေးသားချက်တွေက မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ သူခိုးက လူဟစ်တဲ့ ရေးသားချက်၊ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

၂၀၀၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်း ကြေညာခဲ့တာနဲ့ ဆက်စပ်လို့ရအောင် အခုလို အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက သင်တန်းပေးနေတယ်လို့ စွပ်စွဲရေးသားတာ ဖြစ်နိုင်တယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

“ဒီအချက်ကို ကျနော်က သေချာ သူတို့ကို ရှင်းပြချင်ပါတယ်။ အဲဒါ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီဟာ အခြေခံအားဖြင့် ဥပဒေရေးရာ သုတေသန လုပ်ငန်းတွေ လုပ်တယ်၊ သင်တန်းတွေ ပေးတယ်၊ သုံးသပ်ချက်တွေ ထုတ်တယ်၊ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးတယ်၊ ဒါက လုပ်ရိုးလုပ်စဉ်တွေပါ။

“အဲတော့ အဓိက နအဖကို တိုက်ရိုက်ထိခိုက်တဲ့ လုပ်ငန်း ၃ ခု ရှိလာတယ်။ တခုက မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ဖြစ်ရပ် အခြေအနေ အကုန်လုံးကို ကျနော်တို့က ဥပဒေစိုးမိုးရေး ရှုထောင့်က သုံးသပ်ပြီးတော့ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ထောက်ပြခဲ့တာ ဖြစ်တယ်။ ယနေ့အချိန်ထိ ကျနော်တို့ ထောက်ပြချက်တွေကို နအဖက မငြင်းနိုင်ဘူး။

“ပိုအရေးကြီးဆုံး အချက်၊ နအဖကို အထိအနာဆုံး အချက်ကတော့ နအဖ လုပ်နေတဲ့၊ ကျူးလွန်နေတဲ့ နိုင်ငံတကာ ပြစ်မှုကြီးတွေ အပေါ်မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက တချိန်ကျရင် အရေးယူလို့ရအောင် ကျနော်တို့ အဖွဲ့အစည်းက ကျန်တဲ့ မဟာမိတ် အဖွဲ့အစည်းများနဲ့ တွဲပြီးတော့ ထိထိရောက်ရောက် တစုံတရာ ဆောင်ရွက်လာနိုင်တဲ့ အခါမှာ နအဖက အကြီးအကျယ် ဒေါပွလို့ ဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒါကြောင့်လည်း ကျနော်တို့ကို အမှုဆင်၊ တရားစွဲဆိုတာ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။

“အဲတော့ ကျနော်တို့က နအဖ စွပ်စွဲချက်တွေ မှန်လား၊ မမှန်လား၊ ကျနော်တို့က အကြမ်းဖက်သမားတွေ ဖြစ်သလား၊ နိုင်ငံတကာ ပြစ်မှုကြီးတွေ ကျူးလွန်သလား၊ ဒါမှမဟုတ် နအဖက အကြမ်းဖက်သမား ဖြစ်သလား၊ နိုင်ငံတကာ ပြစ်မှုကြီး ကျူးလွန်သလား ဆိုတာကို တရားရုံးရှေ့မှာ ရင်ဆိုင်ချင်ပါတယ်။”

မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူး ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ မြန်မာ့အလင်း သတင်းစာထဲမှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက် ကရင်နှစ်သစ်ကူးနေ့ ကျင်းပနေတဲ့ ဖာပွန်မြို့နယ်က ကွင်းထဲမှာ KNU ကရင်လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့တယ်လို့ ရေးသားထားတာနဲ့ ပတ်သက်လို့လည်း KNU အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက အခုလို ငြင်းဆိုပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ စွပ်စွဲရုံတင် မကဘူး၊ နောက်ဆက်တွဲ အနေနဲ့ သူတို့က ဘယ်တပ်ရင်း ဘယ်တပ်မှူးတွေပါ လုပ်တယ်ဆိုပြီးတော့ လျှောက်ပြီး စွပ်စွဲချက်တွေ လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်ပြီး ဆန်းစစ်လိုက်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်သစ်ကူးပွဲတော် ပြုလုပ်ဖို့ကို သူတို့ဆီမှာ ဒေသဆိုင်ရာ နှစ်သစ်ကူး ကျင်းပမယ့် ကော်မတီတွေက တောင်းခံတဲ့အခါ သူတို့ မပေးခဲ့ဘူး၊ ခွင့်မပြုခဲ့ဘူး။ ခွင့်မပြုဘဲ သူတို့ လုံခြုံရေးနဲ့ ပတ်သက်ရင် ဘာမှ တာဝန်မယူဘဲ ပစ်ထားလိုက်တယ်။ ပစ်ထားပြီးနောက်ပိုင်း ဗုံးဖောက်ခွဲမှုကို သူတို့လာပြီး လုပ်သွားတာ။ သူတို့ ဗျူဟာကနေ လုပ်သွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတလောတုန်းက ဝက်ဘ်ဆိုက်ထဲမှာလည်း တင်ထားတယ်၊ ဖာပွန်ဗျူဟာကနေ ထွက်ပြေးလာတဲ့ ရဲဘော်တယောက်က ဝန်ခံထားတယ်။”

ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ကိုကျော်ဇေလင်းဟာ KNU မှာ လက်နက် ပစ်ခတ်နည်းသင်တန်း တက်ခဲ့တယ်လို့ မြန်မာ့အလင်း သတင်းစာထဲမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ငြင်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG