သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ရောင်ခြည်သုံး ရှာဖွေရေးစက်နဲ့ ကျန်းမာရေးအန္တရာယ်


ဇန်နဝါရီ ၂၀၊ ၂၀၁၀။ တလောက အမေရိကန်လေကြောင်းလိုင်းတခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ဖြစ်ရပ်နောက်ပိုင်း လေကြောင်းလုံခြုံရေးအတွက် နိုင်ငံတကာလေဆိပ်တွေမှာ ဓါတ်ရောင်ခြည်သုံးစက်နဲ့ ခန္ဓာကိုယ်အနှံ စစ်ဆေးနိုင်မယ့် စက်ကိရိယာတွေထား စစ်ဆေးဖို့ ဖြစ်လာပါတယ်။ တဖက်မှာတော့ ဓါတ်ရောင်ခြည်အသုံးပြုတာဟာ ကျန်းမာရေးအတွက် ထိခိုက်နိုင်မယ့်အခြေအနေရှိတယ်လို့ စိုးရိမ်တကြီး ကန့်ကွက်သူတွေလည်းရှိလာပါတယ်။

တကယ်တော့ ဓါတ်ရောင်ခြည်ဆိုတာ ရောဂါ ရှာဖွေရေးအတွက် သုံးပေမယ့် လူအတွက် အန္တရာယ်များပါတယ်။ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ပြောထားသလို၊ ကလေးတွေအတွက်လည်း ဖွံဖြိုးမှုကို ထိခိုက်စရာရှိပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်ဆိုလည်း သားန္ဓေသား ဖွံဖြိုးရေးအတွက် အန္တရာယ်များပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက ဒီထရွိုက်မှာ အမေရိကန်လေကြောင်းလိုင်း လေယဉ်တစင်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုမျိုးကို ကာကွယ်ဖို့နည်းလမ်းတရပ်အနေနဲ့ လေဆိပ်တွေမှာ Full Body Scanner ခန္ဓာကိုယ်တခုလုံးကို စစ်ဆေးတဲ့ ဓါတ်မှန်ကိရိယာကို အသုံးပြုဖို့ အမေရိကန်အများစုက လိုလားတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြပါတယ်။

ဒီ ခန္ဓာကိုယ် အပြည့် စစ်ဆေးတဲ့ကိရိယာနဲ့ပတ်သက်လို့ နိုင်ငံအတော်များများမှာတော့ အငြင်းပွား ဆွေးနွေးမှုတွေ ရှိနေပါတယ်။ တချို့ကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးစေတယ်ဆိုပြီး စောဒက တတ်တာလည်းရှိပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ ဒီ စက်ပစ္စည်းတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ လူအတော်များများက ယုံကြည်ထားကြပါတယ်။ ဒီ စက်ကနေ Radiation လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်အချို့ထုတ်လွှင့်တာမို့ အချိန်ကြာရင် ဒါဟာ ကင်ဆာရောဂါဖြစ်ဖို့ အန္တရယ်များတယ်လို့ သိပ္ပံပညာရှင်အချို့က ပြောနေပါတယ်။

အကယ်လို့သာ လေဆိပ်မှာ ခန္ဓာကိုယ်အပြည့် စစ်ဆေးနိုင်တဲ့ ဓါတ်မှန်ရိုက်စက်မျိုးရှိခဲ့မယ်ဆိုရင် ခရစ်စမတ်တုန်းက အဖြစ်အပျက်မျိုးကို စောစောစီးစီး ကြိုတင်တားဆီးနိုင်မယ်၊ အဲဒီလူ့မှာပါတဲ့ ဖေါက်ခွဲရေးပစ္စည်းတွေကို ကြိုတင် စစ်ဆေးတွေ့ရှိနိုင်မယလို့ ယူဆမှုတွေရှိထားပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုအပြင် ဗြိတိန် နယူးဇီလန် ပြင်သစ် အီတလီ အဲဒီနိုင်ငံတွေဟာ လေဆိပ်တွေမှာ ခန္ဓာကိုယ်အပြည့် စစ်ဆေးနိုင်မယ့် ဓါတ်မှန်ရိုက်စက်မျိုးထားဖို့ စီစဉ်သွားမယ်လို့ ကြေညာခဲ့ကြပါတယ်။

ခန္ဓာကိုယ်ကနေ ပြန်ကန်ထွက်လာတဲ့ X rays ကို သုံးပြီးတော့ - စက်ဟာ အဝတ်အောက်မှာ ကွယ်ဝှက်ရှိနေတဲ့ ပစ္စည်းတွေကို ပုံဖော်ပေးပါတယ်။ X rays ဓါတ်ရောင်ခြည်ကို အခုလို အသုံးပြုတာဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးစေတယ်ဆိုတဲ့ စောဒကတွေအပြင်၊ ရှိလာတဲ့ စိုးရိမ်စရာတခုကတော့ ကျန်းမာရေးကိစ္စပါ။ အဲဒီ စက်တွေကနေ လွှင့်ထုတ်လိုက်တဲ့ ရေဒီအေးရှင်းလို့ခေါ်တဲ့ ဓါတ်သတ္တုကြွမှုတွေကြာင့် ကင်ဆာရောဂါ ဖြစ်လာနိုင်ချေရှိတဲ့အပေါ် ဆွေးနွေးမှုတွေ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ရှိလာပါတယ်။

ကျွမ်းကျင်သူတွေကတော့ အခုလို အန္တရာယ်ဟာ အနည်းအကျဉ်းလောက်ပါပဲလို့ ဆိုပါတယ်။ အခု စက်ပစ္စည်းမှာပါတဲ့ နည်းပညာအရ ရေဒီယိုသတ္တုကြွမှုဟာ Chest x-ray ထက် အဆ နှစ်ထောင်နည်းပြီးတော့၊ CAT စကန်ထက်ဆိုရင် အဆ နှစ်သောင်း အားနည်းပါတယ်။

Mahadevappa Mahesh ဟာ အမေရိကန်ပြည်ထောင်စု ဘော်တီမောမှာရှိတဲ့ John Hopkins တက္ကသိုလ် ဆေးပညာဌာန ရေဒီယိုလော်ဂျီဆိုင်ရာ ပါမောက္ခဖြစ်ပါတယ်။

"တကယ်တမ်း ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ရမယ့်ကာလ ၈ စက္ကန့်ကနေ ၁၅စက္ကန့်အထိပဲ ကြာမှာပါ။ ဒါ့အပြင် အခု သုံးတဲ့ x-rays က ခန္ဓာကိုယ်အတွင်းထဲအထိ မရောက်တာကြောင့် ဓါတ်ရောင်ခြည်သင့်မှု အတိုင်းအတာဟာ အတော်လေးနည်းပါတယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ ကွယ်ဝှက်နေတဲ့ ပစ္စည်းတွေရှိရင် ပုံဖော်နိုင်ဖို့ အဲဒီ ဓါတ်ရောင်ခြည်က ခန္ဓာကိုယ်ကနေ ပြန်ကန်ထွက်လာဖို့ လုပ်ထားတာကြောင့်လည်း၊ ရောင်ခြည့်သင့်မှုက အရမ်းနည်းပါတယ်။"

အာဖရိကတိုက်က ဆင်းရဲတဲ့တိုင်းပြည်တွေအဖို့တော့ အခုလို ခန္ဓာကိုယ့်အပြည့် ဓါတ်ရောင်ခြည်နဲ့စစ်ဆေးနိုင်တဲ့ ကိရိယာတွေ ထားဖို့ဆိုတာ ဝယ်ဖို့ရော တပ်ဆင်ဖို့ရော စရိတ်စကကြီးလွန်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အကယ်လို့ ချမ်းသာတဲ့နိုင်ငံတွေက ဒီစက်တွေကို လှုတယ်ပဲထား၊ အဲဒီမှာ အဲဒီ စက် အသုံးပြုဖို့ကတော့ ကျန်းမာရေးအရ အန္တရာယ်များတယ်လို့ ဆိုပါတယ်။

ဆင်းရဲတဲ့ တတိယနိုင်ငံတွေမှာက ဒီစက်ပစ္စည်း ရှိတယ်ပဲထား - ထိမ်းသိမ်းစောင့်ရှောက်မှုကို ပုံမှန်မလုပ်နိုင်လို့ လူကို ဓါတ်ရောင်ခြည့်သင့်မှု ပိုများများ ရနိုင်တာမို့ အန္တရာယ်ကြီးလာနိုင်ပါတယ်။

ခန္ဓာကိုယ်အပြည့်စစ်ဆေးနိုင်တဲ့ ဒီ scanner စက်တွေကနေ ထွက်တဲ့ ဓါတ်ရောင်ခြည်ဟာ လူတွေမှာ ကင်ဆာဖြစ်လောက်တဲ့အထိ အန္တရာယ်မရှိပါဘူးလို့ ကျွမ်းကျင်သူအတော်များများက ပြောဆိုကြပေမယ့်၊ ဒီကိစ္စအပေါ်မှာ ငြင်းခုံကြတုန်း တချို့လည်း သတိထားနေကြတုန်းပါ။ အဲဒီအထဲမှာ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ် ဆေးပညာဌာနက Dr.David Brenner တယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

"အခုလို ဓါတ်ရောင်ခြည်သင့်တာမျိုးဟာ လူကြီးတွေထက် ကလေးတွေမှာဆို ပိုလို သတိထားဖို့လိုပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်အတွင်းက သန္ဓေသားလောင်းအတွက်လည်း ဒီ ဓါတ်ရောင်ခြည့်သင့်တာမျိုးက အန္တရာယ်ကြီးပါတယ်။"

ဒါကြောင့်လည်း ဒီအတွက် ပိုလို လေ့လာဆန်းစစ်မှုတွေ လုပ်ဖို့ လိုအပ်မယ်ဆိုတာကိုတော့ ကျွမ်းကျင်သူတွေက သဘောတူကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG