အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ် နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောခဲ့တာဟာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုအမိန့်ကို စောင့်နေချိန်မှာ အစိုးရဝန်ကြီးတယောက်က အခုလို ပြောလိုက်တဲ့အတွက် ဒီအမိန့်အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကလည်း သုံးသပ်ပါတယ်။ နောက်တခါ ရွေးကောက်ပွဲကို အောက်တိုဘာလထဲမှာ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့သဘော သက်ရောက်နေသလား ဆိုတာတွေကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
NLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးကို ဖေဖော်ဝါရီလထဲမှာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလထဲမှာ လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက ကျောက်ပန်းတောင်းမြို့မှာ ဗိုလ်ချုပ်မောင်ဦး ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောတာဟာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ တွေ့စဉ်မှာ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခြင်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု လျှောက်ထားတာကို ဇန်နဝါရီလ ၁၈ ရက်နေ့ကပဲ တရားရုံးချုပ်မှာ အပြီးသတ် လျှောက်ထားခဲ့ပြီး အဲဒီအတွက် အဆုံးအဖြတ်ကို စောင့်နေဆဲ ဖြစ်ပါတယ်။ ဒီလိုကာလမှာ ဝန်ကြီးတယောက်က အခုလို ပြောကြားတဲ့အတွက် တရားစီရင်ရေးမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက မြင်ပါတယ်။
“သူ့အပေါ်မှာ အပြစ်ချထားတဲ့ အမှုက ဆုံးခန်းမတိုင်သေးဘူး။ တရားရုံးချုပ်မှာ တင်ထားတဲ့ လျှောက်လဲချက်၊ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အဆုံးအဖြတ် ပြုရဦးမယ်။ အဆုံးအဖြတ် ပြုတဲ့နေရာမှာ တရားရုံးမှာ စီရင်ပိုင်ခွင့် ရှိတဲ့အတိုင်း အပြစ်မရှိကြောင်းလည်း ဆုံးဖြတ်နိုင်တယ်။ ဒီလိုအခြေအနေမှာ အခုလို ပြောကြားခြင်းအားဖြင့် တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။”
အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) လာရောက်ခဲ့တဲ့ ကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လမှာ ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ဆိုပြီး ပြစ်ဒဏ်တဝက် လျှော့ချပေးခဲ့ပါတယ်။ ကျန်ပြစ်ဒဏ်တဝက်ကိုပါ လုံးဝလွှတ်ပေးဖို့ အယူခံ လျှောက်ထားတာကို အပယ်ခံရလို့ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်မှု လျှောက်ထားတာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ ခုနှစ် မေလ ၁၃ ရက်နေ့က စပြီးတော့ လက်ရှိအမှုနဲ့ ပတ်သက်ပြီး အချုပ်စတယ်။ ၁၈ လ နေရမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန်မှာပါတော့ ၁၈ လက အခု ၂၀၁၀ နိုဝင်ဘာမှာ ပြည့်ပါတယ်။ အဲတော့ ပြည့်တဲ့အချိန်မှာ လွှတ်မယ်လို့ပြောတော့ သိပ်တော့ မထူးဆန်းဘူး။ သို့သော်လည်း ဒီမှာ တခုပြောစရာ ရှိတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်စာထဲမှာ ကောင်းမွန်စွာ နေထိုင်ရင် စောစီးစွာ လွှတ်နိုင်တဲ့ အဓိပ္ပာယ်မျိုး ပါတယ်။ အခု ဗိုလ်ချုပ်မောင်ဦးက ဒီလိုပြောလိုက်တော့ အဲဒီဟာကို ပယ်ဖျက်လိုက်သလားလို့ မြင်လာရတယ်။”
စစ်အစိုးရက စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာလထဲမှာ ကျင်းပလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း တော်တော်လေး ထွက်ပေါ်နေတဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ ပြန်လွှတ်ပေးမယ်ဆိုတဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။ ဒီလိုသာလုပ်ခဲ့ရင် မြန်မာ့နိုင်ငံရေးအတွက် အလားအလာ မကောင်းဘူးလို့ NLD ပြောခွင့်ရသူဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ်လို့ ဆိုတဲ့ အဓိပ္ပာယ် ရလို့ရှိရင်တော့ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်ဆောင်ရွက်ဖို့ မရှိတော့ဘူးလို့ပဲ ကျနော်တို့ မှတ်ယူရမှာပဲ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြုပြင်မယ့်ကိစ္စကို ရန်ကုန်စည်ပင်သာယာက သဘောတူ ခွင့်ပြုချက် ရပြီးမှ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စအတွက်ကိုလည်း သူမက မေးခွန်းထုတ်နေတယ်လို့ ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။
“အမွေမှုမှာ ရန်ကုန်တိုင်း တရားရုံးမှာ ဦးအောင်ဆန်းဦးက ဒီလို အိမ်ပြင်တဲ့ ကိစ္စကိုပဲ ယာယီတားဝရမ်း ထုတ်ပေးပါဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လျှောက်တယ်။ ကျနော်တို့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဒီဟာကို ပြန်ပြီးတော့ သဘောထား တင်ရမယ်။ အဲဒီကိစ္စ ဆွေးနွေးတယ်။ အိမ်ပြင်ဖို့ တရားဝင် မြို့တော်စည်ပင်မှာ လျှောက်တယ်။ သူတို့ကလည်း တရားဝင် ခွင့်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒါကို စည်းကမ်းချက်နဲ့အညီ သူတို့ချမှတ်တဲ့ စည်းကမ်းအတိုင်း ပြင်နေတယ်။
“ရပ်မယ်ဆိုတဲ့အခါကြတော့ ဘာကြောင့်ရပ်လဲဆိုတာ အကျိုးအကြောင်း မပါဘူး။ ကန့်ကွက်ချက်ကြောင့်လို့ ပြောတယ်။ ဘာကန့်ကွက်မှန်းလည်း မသိဘဲနဲ့ ရပ်ဆိုင်းခံရတယ်။ အဲဒီအခြေအနေကနေ တခါ တိုင်းတရားရုံးမှာလည်း ဒီအိမ်ကိစ္စကိုပဲ ယာယီတားဝရမ်း ထပ်လျှောက်တယ်။ သူက ဒါတွေအားလုံး ခြုံကြည့်ပြီးတော့ ဒီဟာတွေဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ သံသယရှိတယ်လို့ ကျနော့်ကို ပြောလိုက်ပါတယ်။”
ကြာသပတေးနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးဉာဏ်ဝင်း သွားရောက်တွေ့ဆုံခဲ့တာဟာ အဓိကအားဖြင့် နေအိမ်ပြုပြင်မယ့်ကိစ္စ ဖြစ်ပြီး ဦးဉာဏ်ဝင်းနဲ့အတူ အိမ်ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်လည်း တွေ့ခွင့်ရခဲ့ပါတယ်။