ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယဲရို ဖက်ဆီနို (Piero Fassino) ဟာ ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ကို လာရောက်ပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ ကြေညာချက်တရပ် ဇန်နဝါရီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မစ္စတာဖက်ဆီနိုဟာ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ၊ အောက်လွှတ်တော်၊ အထက်လွှတ်တော်တို့အပြင် မြန်မာနဲ့ အရှေ့တောင်အာရှရေးရာ အကြံပေး ပညာရှင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
ဝါရှင်တန်မြို့တော်ကို မရောက်ခင် နယူးယောက်ခ်မြို့ကို ဝင်ရောက်ပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါတဲ့ နှစ်တနှစ်ဖြစ်ပြီး စစ်အစိုးရက ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ထားခြင်းဟာ အစိုးရနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကြား စစ်မှန်တဲ့ ဆွေးနွေးပွဲ စတင်ဖို့၊ သိက္ခာရှိပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လို့ နိုင်ငံတကာက လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပဲ ဖြစ်တယ်လို့ ဒီခရီး မစခင်မှာပဲ မစ္စတာဖက်ဆီနိုက ပြောကြားသွားခဲ့ပါတယ်။