မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာ နိုင်ငံတကာက သံသယရှိနေဆဲ ဖြစ်ပေမဲ့ လောလောဆယ် အထောက်အထားတွေအရ အခိုင်အမာ မပြောနိုင်သေးဘူးလို့ နိုင်ငံတကာ သုတေသန အဖွဲ့တခုက ပြောကြားလိုက်ပါတယ်။ ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ ရေးသားချက်တွေကို အမေရိကန် အစိုးရက မလေ့လာရသေးပေမဲ့ နျူကလီးယား လက်နက် ပျံ့နံှ့မယ့် အရေးကိုတော့ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက် ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နျူကလီးယားစက်ရုံ တည်ဆောက်ရေး ဖြစ်တယ်ဆိုတဲ့ မန္တလေးမြို့နားက မြင်ကွင်းတွေကို ညွှန်းဆိုထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ ဘာများပြောစရာရှိလဲလို့ မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) ကတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေမှာ နျူကလီးယား ပျံ့နှံ့တဲ့ကိစ္စအပေါ် စိုးရိမ်မကင်းကြောင်း ထည့်သွင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာကို သူတို့ မလေ့လာရသေးဘူးလို့ ဖြေသွားပါတယ်။
ISIS ရဲ့ Burma Nuclear Ambition ဆိုတဲ့ အစီရင်ခံစာမှာ အဓိက ဖော်ပြထားချက်ကတော့ မြန်မာအစိုးရက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေအရ ဒါဟာ နျူကလီးယားကိစ္စ ဒါမှမဟုတ် ဒုံးနဲ့ပတ်သက်ပြီး အဆင့်မြင့် နည်းပညာပိုင်းအရ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာက သံသယရှိနေတဲ့ ကိစ္စကို သေချာ ပြန်လည်စိစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ ရထားတဲ့ အချက်အလက်တွေကို ဆန်းစစ်ကြည့်တော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို လျှိုု့ဝှက် တည်ဆောက်နေတယ်ဆိုတာ၊ နျူကလီးယားနဲ့ ပတ်သက်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မပြနိုင်ဘူးလို့ ဆိုပါတယ်။
တလောက သတင်းတွေမှာ ပေါ်ထွက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ လိုဏ်ခေါင်း တူးဖော်တဲ့ ဓာတ်ပုံတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖို ဖြစ်တယ်လို့ ယူဆရတဲ့ ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ အဆောက်အဦးပုံတွေကို သေချာ စိစစ်ကြည့်တဲ့ အခါမှာတော့ ဒါဟာ နျူကလီးယားစက်ရုံနဲ့ မပတ်သက်ဘဲ ရေလှောင်တမံလုပ်ငန်းနဲ့ ဆိုင်တဲ့ ပုံတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ရှိနေတဲ့ နောက်အမြင်တခုကတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်အတွက် လိုအပ်နေတဲ့ ပစ္စည်းတချို့ကို မြန်မာနိုင်ငံကတဆင့် ဝယ်ယူပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။ မြောက်ကိုရီးယား ယူရေနီယံ သန့်စင်ရေး လုပ်ငန်းအတွက် တဆီးအချို့ကို မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယားကို ရောက်ရှိနေတယ်လို့ ယူဆစရာရှိတယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ပွင့်လင်းမှုမရှိတဲ့ အစိုးရ ဖြစ်တာမို့ ဒီအချက်အလက်တွေကို ခိုင်လုံအောင် စုံစမ်းစစ်ဆေးဖို့တော့ ခက်ခဲတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်နွယ်တယ်ဆိုတဲ့ လိုဏ်ခေါင်းတွေကို သတင်းဌာနတွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စစ်အရာရှိဟောင်း တဦးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းတဦးကိုတော့ မကြာခင်ကဘဲ မြန်မာစစ်အစိုးရက သေဒဏ် အပြစ်ပေးခဲ့ပါတယ်။