သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ပွဲကြောင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်


မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားက နယ်စပ် ကုန်သွယ်ဂိတ်တခုမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ပိတ်လိုက်ပြီလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ မြန်မာကုန်သည်တချို့နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတချို့ ရေချိုးရာက ခိုက်ရန်ဖြစ်ပွားကြပြီး နှစ်နိုင်ငံနယ်ခြား တာ့ခ်နာ့ဖ် (Teknaf) မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းက စပြီးတော့ ပိတ်လိုက်တာဖြစ်ပါတယ်။ ကြီးမားတဲ့ဒဏ်ရာရမှုတွေတော့ မရှိဘူးလို့ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေစိုက် သတင်းထောက် ကိုအောင်စံမင်း ကို ဗွီအိုအေကနေ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်ကုန်သွယ်ရေးစခန်းတခု ပိတ်ထားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာကြောင့် ပိတ်ရတာလဲ။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ရှင်းပြပါဦးခင်ဗျ။ -

"ဟုတ်ကဲ့ပါခင်ဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာ့ခ်နာ့ဖ် မြို့အနီးက နယ်စပ်ကုန်သွယ်ရေးကို မနေ့ကစပြီးတော့ ပိတ်တာဖြစ်ပါတယ်ခင်ဗျ။ ပိတ်ရခြင်းအကြောင်းရင်းကတော့ မြန်မာနိုင်ငံက အဲဒီကုန်သွယ်ရေးစခန်းကို ကုန်တွေနဲ့လာကြတဲ့ ကုန်သည်တွေနဲ့ အနီးအနားက ဒေသခံ မူစလင်တချို့နဲ့ စကားများပြီး ရန်ဖြစ်ကြရာကနေ စ ဖြစ်ခဲ့တာပါခင်ဗျ။ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီလောက်မှာတော့ အဲဒီဒေသခံ မူစလင်ပေါင်း ၂၀၀ လောက်က ဒေသခံလုံခြုံရေးစခန်းကို တံခါးတွေ ပိတ်ထားတဲ့ကြားထဲက သူတို့ အတင်းဝင်ရောက်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သည်တွေကို ရိုက်ပါတယ်။ မြန်မာဘက်က ကုန်သည်တွေကလည်း ပြန်ပြီးတော့ ရိုက်ပါတယ်။ အဲဒီလို ဝရုန်းသုန်းကား ဖြစ်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သွယ်တွေဟာ သူတို့ရဲ့ နဂိုပစ္စည်း အပြည့်နဲ့ စက်လှေတွေကို အဲဒီဆိပ်ကမ်းမှာ မနေရဲတော့ဘဲ နတ်မြစ်အလယ်ကောင်အထိ ထွက်ပြေးပြီးတော့ နတ်မြစ်အလယ်ကောင်မှာ ကျောက်ချပြီးတော့ ရပ်နားနေကြရပါတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကုန်တင်ကုန်ချလည်း လုံးဝမရှိတော့ပါဘူး။ အဲဒါကြောင့် အာဏာပိုင်တွေက လောလောဆယ်မှာ အဲဒီဒေသက ကုန်သွယ်ရေးစခန်းကို မနေ့ကစပြီးတော့ လုံး၀ ပိတ်ပင်ထားလိုက်တဲ့ အခြေအနေမျိုး ရှိနေပါတယ်ခင်ဗျ။"

မနေ့က ပိတ်တယ်ဆိုတော့ ဒီနေ့ဆိုရင် တရက်ရှိပြီ။ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျ။ -

"ဒီနေ့ညနေပိုင်းလောက်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တချို့ရယ်၊ ဒေသကုန်သွယ်ရေးစခန်းက အာဏာပိုင်တွေရယ်၊ နောက်ပြီးတော့ ကုန်သည်တွေရယ်၊ ရန်ဖြစ်ခဲ့ကြတဲ့ ဒေသခံတွေရော၊ မြန်မာဘက်က ကုန်သည်တွေရော ညှိပြီးတော့ ဆွေးနွေးနေကြပါတယ်။ ပြေလည်မှုတော့ မရသေးပါဘူး။ လောလောဆယ်မှာလည်း ကုန်သွယ်ရေးတံခါးကို ပိတ်ထားရဆဲပဲ ဖြစ်နေပါတယ်ခင်ဗျ။"

ဒီလို နယ်စပ်ဂိတ်တခု ပိတ်လိုက်တာဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စမှာ တော်တော်လေး ထိခိုက်တဲ့ အခြေအနေ ရှိပါသလားခင်ဗျ။ -

"ရှိပါတယ်ခင်ဗျာ။ ဥပမာပြောရရင် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကပဲ အဲဒီဒေသဆိုင်ရာ ကုန်သည်ကြီးတချို့နဲ့ မူစလင် ကုန်သည်ကြီးတွေပေါ့ခင်ဗျာ။ သူတို့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းက အကောက်ခွံဌာနက အရာရှိတွေ အခြေအတင် စကားများကြတယ်ခင်ဗျ။ အဲဒါကြောင့်လည်းပဲ ကုန်တင်ကုန်ချကို လုံးဝပိတ်လိုက်တာ ၆ ရက်လောက် ကြာပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံဘက်က ကုန်သည်ပေါင်း ၁၀ ကျော်လောက်ဟာ တယောက်ကို တာကာ သုံးသိန်းလေးသိန်းလောက်၊ မြန်မာငွေနဲ့တွက်ရင် သိန်း ရာနဲ့ချီပြီးတော့ အရှုံးခံသွားကြရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခုအခြေအနေမှာလည်းပဲ တနေ့တနေ့ကို တာကာ သိန်း ၄၀၊ ၅၀ ပတ်ဝန်းကျင်နီးပါးလောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားမယ်လို့ ကုန်သည်တွေ ပြောပြချက်အရ သိရပါတယ်။"

ကိုအောင်စံမင်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG