သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အခွန်မဲ့ ကုန်သွယ်ရေးဒေသ


အရှေ့တောင်အာရှ (၁၀) နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျ၊ နယူဇီလန်း စတဲ့ (၆) နိုင်ငံတို့နဲ့ အခွန်မဲ့ ကုန်သွယ်ရေးသဘောတူချက် လက်မှတ်ထိုးထားတဲ့အတွက် အရှေ့အာရှ အခွန်မဲ့ ကုန်သွယ်ရေးဒေသကြီး ပေါ်ထွက်လာဖို့ တာစူနေသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အာဆီယံ (၁၀) နိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ကွဲပြားခြားနားတာကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမှာ အခက်အခဲရှိနေပါတယ်။ အာဆီယံအဖွဲ့မှာ စင်္ကာပူ၊ ဘရူနိုင်း၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် ပါဝင်တဲ့ ချမ်းသာတဲ့ (၆) နိုင်ငံအုပ်စု နဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နဲ့ မြန်မာ ပါဝင်တဲ့ ဆင်းရဲတဲ့ (၄) နိုင်ငံအုပ်စုဆိုပြီး အုပ်စု (၂) စု ရှိနေပါတယ်။

အာဆီယံအခွန်မဲ့ ကုန်သွယ်ရေးဒေသတည်ဆောက်ဖို့ ၁၉၉၂ ဇန်နဝါရီလမှာ စတင်ဆောင်ရွက်တာမို့ အခုဆိုရင် (၁၈) နှစ် ရှိသွားခဲ့ပါပြီ။ ဒါပေမယ့် ချမ်းသာတဲ့ (၆) နိုင်ငံအုပ်စုမှာ စည်းကြပ်နေသေးတဲ့ အခွန် (၅) ရာခိုင်နှုန်းကို ဒီနှစ်ထဲမှာ ဖျက်သိမ်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာပါဝင်တဲ့ (၄) နိုင်ငံအုပ်စုကတော့ ၂၀၁၅ ခုနှစ်ရောက်မှ အခွန်မဲ့ ကုန်သွယ်ရေးလုပ်နိုင်မှာမို့ အဲဒီတော့မှပဲ အာဆီယံတဖွဲ့လုံးမှာ အခွန်မဲ့ ကုန်သွယ်ရေးစနစ်ကို ကျင့်သုံးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလို့ အခွန်မဲ့ ကုန်သွယ်ရေးဒေသ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အခွန်မဲ့ ကုန်သွယ်ရေးဒေသမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျ၊ နယူဇီလန်း ပါဝင်လာနိုင်အောင် ချဲ့ထွင်လိုက်တာပါ။ အခွန်မဲ့ ကုန်သွယ်ရေးဒေသ ပေါ်ပေါက်လာအောင် အဓိက ကြိုးပမ်းလှုံဆော်သူတွေကတော့ စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ ဖြစ်ကြပါတယ်။ အာဆီယံ (၁၀) နိုင်ငံထဲမှာ စင်္ကာပူဟာ ခြေအသွက်ဆုံးပါ။ အရှေ့အာရှနိုင်ငံတွေနဲ့သာမကဘဲ အမေရိကန်၊ မက်ဆီကို၊ ချီးလီစတဲ့ နိုင်ငံတွေနဲ့ပါ အခွန်မဲ့ ကုန်သွယ်ရေး သဘောတူချက်ရယူထားပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာ စင်္ကာပူ၊ မြန်မာ၊ လာအို၊ ဘရူနိုင်း စတဲ့ (၄) နိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏ က (၆၅) ရာခိုင်နှုန်းရှိပြီး ကျန်အာဆီယံနိုင်ငံတွေက (၃၅) ရာခိုင်နှုန်းသာရှိကြောင်း ၂၀၀၆ စာရင်းမှာ ဖော်ပြတာကိုကြည့်ရင် ကုန်သွယ်ရေးမှာ မြန်မာဟာ စင်္ကာပူကို မှီခိုနေရတာ ထင်ရှားပါတယ်။

အခွန်မဲ့ ကုန်သွယ်ရေးဒေသသတ်မှတ်ပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းတွေ မျှမျှတတ စီးပွားရေးပြိုင်နိုင်မယ့် အခြေအနေကို ဖန်တီးပေးဖို့လိုတယ်လို့ ADB (Asian Development Bank) ပညာရှင်တွေဖြစ်တဲ့ Masahiro Kawai နဲ့ Guashan Wignaraja တို့က ဆိုပါတယ်။ တရားမျှတစွာ စီးပွားပြိုင်ပြီး ရှင်သန်ကြီးထွားပိုင်ခွင့်ပေးသလို မအောင်မြင်တဲ့လုပ်ငန်းတွေ ရုတ်သိမ်းနိုင်အောင်လည်း ထွက်ပေါက်ပေးရမယ်လို့ ဆိုပါတယ်။ အခွန်မဲ့ ကုန်သွယ်ရေးစနစ်ကြောင့် အကျိုးအမြတ် ခံစားရသလို ဒီလိုကျင့်သုံးနိုင်အောင် စေ့စပ်ညှိနှိုင်းရာမှာ စရိတ်ကုန်ကျပါတယ်။ အခွန်မဲ့ ကုန်သွယ်ရေးစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်ရင် နိုင်ငံခြားအရင်းအနှီးတွေ ဝင်လာနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံတဲ့နိုင်ငံရဲ့ အတတ်ပညာကိုရရှိပြီး အပြင်ဈေးကွက်နဲ့ ဆက်မိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။

အခွန်မဲ့ကုန်သွယ်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းတွေကို အသုံးပြုဖို့အတွက် ပြည်တွင်းစီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်မယ်ဆိုရင် အကျိုးအမြတ် ပိုမိုခံစားရဖွယ်ရှိပါတယ်။ ဒါပေမဲ့ အခွန်မဲ့ ကုန်သွယ်မှုကြောင့် အကျိုးအမြတ်ခံစားရပုံဟာ တနိုင်ငံနဲ့တနိုင်ငံ မတူတဲ့အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်အဖို့ စေ့စပ်ညှိနှိုင်းတဲ့စရိတ်စက ကြီးမားနိုင်ပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ ရင်းနှီးမြုပ်နှံမှု အခြေအနေကောင်းမွန်ဖို့နဲ့ အုပ်ချုပ်ရေး ပြုပြင်ဖို့ လိုအပ်ပါတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားမှာ အခြေခံ အဆောက်အအုံး၊ တရားဥပဒေနဲ့ အုပ်ချုပ်ရေး ပြုပြင်ဖို့ လိုပါတယ်။

ဗီယက်နမ်ဟာ တရုတ်ပုံစံအတိုင်း လိုက်လုပ်နေပေမယ့် ဈေးကွက်စနစ် ကောင်းမွန်ရေး၊ တရားဥပဒေ စိုးမိုးရေး အုပ်ချုပ်မှု ကောင်းမွန်ရေး စတာတွေမှာ ဆောင်ရွက်ဖို့ အများကြီးလိုသေးတယ်လို့ ဆိုပါတယ်။ လာအို နဲ့ ကမ္ဘောဒီးယားမှာ တရားဥပဒေကျင့်သုံးမှု အားကောင်းဖို့လိုပြီး မြန်မာပြည်မှာတော့ အုပ်ချုပ်ရေးစနစ်တခုလုံး ပြုပြင်ဖို့ လိုပါတယ်။ အာဆီယံ (၆) နိုင်ငံအုပ်စုမှာ စင်္ကာပူနဲ့ ဘရူနိုင်းက ဝင်ငွေ အကောင်းဆုံးဖြစ်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့က အလယ်အလတ်အဆင့် ဖြစ်ပါတယ်။ ဝင်ငွေအနည်းဆုံး အာဆီယံ (၄) နိုင်ငံအုပ်စုထဲမှာ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယား က စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာကောင်းပြီး မြန်မာ နဲ့ လာအိုကတော့ တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ အနည်းဆုံးဖြစ်တယ်လို့ ADB ပညာရှင်တွေက သုံးသပ်ပါတယ်။

အာဆီယံ (၆) နိုင်ငံအုပ်စုနဲ့ (၄) နိုင်ငံအုပ်စုတို့အကြား ဝင်ငွေကွာဟမှု ကြီးမားသလို စီးပွားရေး လွတ်လပ်မှုမှာလည်း ကွာခြားကြပါတယ်။ ဝင်ငွေကောင်းတဲ့ စင်္ကာပူကို အလွတ်လပ်ဆုံး ဈေးကွက်လို့ ခေါ်ကြပါတယ်။ ထိုင်းနဲ့မလေးရှားက ဈေးကွက်သဘောတရားကျင့်သုံးပြီး ပို့ကုန်ကို ဦးစားပေးကြပါတယ်။ လေးနိုင်ငံ အုပ်စုကတော့ ဗဟိုကချုပ်ကိုင်တဲ့ အာဏာရှင်စနစ်ကနေ ဈေးကွက်စနစ်ကို အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတုန်းပါ။ အာဆီယံအဖွဲ့တွင်းမှာ စီးပွားရေးလွတ်လပ်မှုနဲ့ ဝင်ငွေကွာဟမှု ကြီးမားနေတာဟာ အာဆီယံစီးပွားရေး ပူးပေါင်းမှုကို အဟန့်အတားဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG