ကုန်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပိုများလာပြီး သူတို့အပေါ်မှာ ညှင်းပမ်း နှိပ်စက်မှုတွေ ပိုပြီးဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အေအေပီပီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။ အကြောင်းစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၁၇၇ ဦး ရှိပြီး ဒါဟာ အရင်နှစ်ကထက် ၁၅ ယောက် ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
"ဒီနှစ်ထဲမှာ ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရတယ်။ ၁၂၉ ဦးဟာ ထောင်ချခြင်း ခံခဲ့ရတယ်။ ဒီနှစ်ထဲမှာ လွတ်တာက၂၆၁ ဦးဖြစ်ပြီးတော့ ၇၁ ယောက်က ထောင်ပြောင်းတယ်။ နောက်တခုက အခုဒီဘက် ဒီလပိုင်းတွေမှာ စစ်ကြောတဲ့ကိစ္စတွေက တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုတာကို ကျနော်တို့သိရတယ်။ အဲဒါကိုလည်း တင်ပြထားပါတယ်။ ဆိုတော့ ဒီနှစ်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ ဦး သေဆုံးခဲ့တယ်။ စစ်ကြောရေးစခန်းမှာဆိုလို့ရှိရင်လည်း တော်တော်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပမ်းတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်က ၂၀၀၈ ခုနှစ်ထက် ပိုပြီးဆိုးတယ်လို့ ပြောလို့ရပါတယ်။ နောက်တခါ သတင်းယူတဲ့အတွက်နဲ့ မလှဝင်း ဆိုရင် ထောင်ဒဏ် ၂၈ နှစ်အထိ ချခံရတာမျိုး ရှိပါတယ်။ အဲဒါက တော်တော်ကို တရားလက်လွတ် လုပ်တဲ့ကိစ္စလို့ ပြောလို့ရပါတယ်။"
ဒီနိုင်ငံရေးအကျဉ်းသားတွေထဲမှာ သံဃာတော်တွေ၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ ကျောင်းသား၊ အမျိုးသမီး၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားတွေ၊ နာဂစ်လေဘေး စေတနာ့ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ သတင်းသမား၊ ရှေ့နေ စသဖြင့် အလွှာစုံက ပါဝင်ကြပြီးတော့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူ ၁၂၉ ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အားလုံး နိုင်ငံရေး သမားတွေချည်း မဟုတ်ဘဲနဲ့ တခြားကိစ္စ ဆောင်ရွက်နေသူတွေလည်း အများအပြား ပါဝင်ကြပါတယ်။
မြန်မာစစ်အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစဉ်သဖြင့် ဘူးကွယ် ငြင်းဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ချေပချက်ကို နိုင်ငံတော် အသိုင်းအဝိုင်းက လက်မခံကြပါဘူး။ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ပြီး ဒီနိုင်ငံရေး အကျဉ်းသားတွေရဲ့ အရေးကိုပါ ထောက်ပြ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒီကြားထဲကမှ ၂၀၀၉ ခုနှစ်အတွင်း အခုလို အခြေအနေ ပိုဆိုးလာတာဖြစ်ပါတယ်။
စစ်အစိုးရဟာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီးတော့ ဝေးလံခေါင်သီတဲ့ အရပ်က အကျဉ်းထောင်တွေဆီမှာ ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ သွားတွေ့ရာမှာ အခက်အခဲ အမျိုးမျိုးနဲ့လည်း ကြုံနေကြရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးကုသမှုတွေ မရရှိကြတဲ့ နာမကျန်းမှု၊ သေဆုံးမှုသတင်းတွေက မကြာခဏ ထွက်ပေါ်နေပါတယ်။