သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို အမေရိကန် လက်နက်ရောင်းရင် တရုတ်နဲ့ဆက်ဆံရေးထိခိုက်နိုင်


အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမယ်လို့ အမေရိကန် အောက်လွှတ်တော်ကို ပင်တဂွန် စစ်ဌာနချုပ်က အသိပေးလိုက်ပါတယ်။ အခုလို ထိုင်ဝမ်ကျွန်းကို စစ်လက်နက်တွေ ရောင်းချတဲ့အတွက် တရုတ်နိုင်ငံကို အမျက်ထွက်စေပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိုပါ ထိပါးသွားစေနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Al Pessin သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန် စစ်ဌာနချုပ်ကအရာရှိတွေ အခုလို အသိပေး အကြောင်းကြားလာလိမ့်မယ် ဆိုတာကိုတော့ အစောပိုင်း ကတည်းက မျှော်လင့်ထားခဲ့ကြတာပါ။ တရုတ်နိုင်ငံက သူ့လက်အောက်ခံ ကျွန်းတခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကျွန်းကို ရဟတ်ယာဉ်တွေ၊ အဆင့်မြင့် ခုခံကာကွယ်ရေး ဒုံးကျည်တွေ၊ မိုင်းခွဲတဲ့ သင်္ဘောတွေ၊ ရေဒါနဲ့ တခြား ဆက်သွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်က ရောင်းချမှာဖြစ်ပါတယ်။ အခုရောင်းမယ့်စာရင်းထဲမှာ ထိုင်ဝမ်ကလိုချင်နေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေတော့ မပါဝင်ပါဘူး။

အရင် အမေရိကန်က ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတုန်းကတော့ တရုတ်နဲ့ အမေရိကန်အကြား စစ်ရေးအရ ဆက်ဆံမှုတွေ ရပ်တန့်ခဲ့တာအပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီတချီမှာလည်း အယူအဆ ပြင်းထန်တဲ့ တရုတ်အရာရှိတယောက်က - ဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် လက်စားချေရမယ်၊ အမေရိကန်က အခုလို ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ ထောက်ပံ့နေတာတွေကို သည်းခံမနေသင့်တော့ဘူးလို့ ပြောဆိုတဲ့အကြောင်း အစိုးရပိုင် Xinhua သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကလည်း ထိုင်ဝမ်ကျွန်း သူ့ကိုယ်သူ ကာကွယ်နိုင်အောင် ထောက်ပံ့ပေးမယ်ဆိုတဲ့ နှစ်ဖက်သဘောတူ စာချုပ်ရှိနေတဲ့အတွက် အခုလို ကူညီနေတာ ဖြစ်ပြီး တရုတ်နဲ့ ထိုင်ဝမ်အကြားက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လိုလားနေတာပါ။

တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါဆုံး နိုင်ငံတခုဖြစ်တယ်၊ အင်မတန်ကို ထိပ်တန်း ဦးစားပေး ဆက်ဆံရမယ့်နိုင်ငံ ဖြစ်တယ်လို့ သမ္မတ ဘရက်အိုဘားမား (Barack Obama) ရဲ့ အမျိုးသားအကြံပေးပုဂ္ဂိုလ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂျုမ်းစ် (James Jones) က ဒီကိစ္စ တရားဝင်မကြေညာခင် သောကြာနေ့မနက်က ပြောကြားခဲ့ပါတယ်။

"ကျနော်တို့နိုင်ငံတွေ အခါအားလျော်စွာ လုပ်ကြရတဲ့ကိစ္စတချို့ကို လူတိုင်း ကြိုက်နှစ်သက်ကြမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပါတယ်၊ ဒါပေမဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်အားကြီး နိုင်ငံတခုဖြစ်တယ်ဆိုတာကို ကျနော်တို့က အသိအမှတ်ပြု ဆက်ဆံလာနေပါတယ်။ နောက်ပြီးတော့ သူတို့နဲ့ ကျနော်တို့အကြားမှာ လက်နက် ရောင်းဝယ်ရေး ကိစ္စတွေ၊ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမှုတွေထက် ကျော်လွန်နိုင်တဲ့ အကြောင်းအရာများစွာကို ထိတွေ့ ဆက်ဆံနေတာ ဖြစ်ပါတယ်။"

ဒီကိစ္စအပေါ် တရုတ်နိုင်ငံအနေနဲ့ လက်စားမချေဖို့ အမေရိကန်အရာရှိတွေက မျှော်လင့်နေကြတာဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အခုလို မကြာခဏဖြစ်ပေါ်လာတဲ့ ကွဲပြားတဲ့ ပေါ်လစီတွေကြောင့် မထိခိုက်စေသင့်ဘူးလို့ ပြောပါတယ်။ အနာဂတ် အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး ပူးပေါင်းလုပ်ဆောင်မှု အစီအစဉ်တွေအပေါ် စိုးရိမ် ပူပန် မိတယ်လို့ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန် (Mike Mullen) က သောကြာနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

"ကျနော့်အယူအဆကတော့ တရုတ်နိုင်ငံနဲ့ ကျနော်တို့ရဲ့ ထိပ်ပိုင်းအရာရှိတွေကြား နီးနီးကပ်ကပ် ဆက်ဆံနေကြတာထက် ကျော်လွန်ပြီး အောက်ပိုင်း အရာရှိငယ်တွေအချင်းချင်း တွေ့ဆုံဆက်ဆံကြတာကို မြင်တွေ့လိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကမှ အနာဂတ်၊ ကျနော်တို့ရဲ့ ဆက်ဆံရေးဖြစ်လာမှာမို့ပါ။"

သူ့အနေနဲ့ အမေရိကန်က ပါကစ္စတန်နဲ့ ဆက်ဆံရေးတွေ ရပ်ဆိုင်းပစ်လိုက်တဲ့ပုံမျိုး ထပ်ဖြစ်မှာကို မလိုလားဘူးလို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနမှာပြုလုပ်တဲ့ ဟောပြောပွဲတခုမှာ ရေတပ်ဗိုလ်ချုပ်ကြီးက အဲဒီလို ပြောကြားခဲ့တာ ပါ။ အဲဒီလို ပါကစ္စတန်နဲ့ ဆက်ဆံရေးတွေ ရပ်တန့်သွားခဲ့တဲ့အတွက် နှစ်ဖက် အရာရှိတွေအကြား သိကျွမ်းမှုမရှိတော့ဘဲ အခု ဘုံရန်သူကို တိုက်ခိုက်ဖို့လိုအပ်တဲ့အချိန်မျိုးမှာ အခက်အခဲတွေနဲ့ ကြံနေရတယ်လို့ သူက ထောက်ပြပါတယ်။

အခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံက စစ်ရေးအရ သုံးစွဲမှုတွေ တိုးမြင့်လာတဲ့အတွက် ပစိဖိတ်ဒေသမှာ စစ်ရေးအရ ပြိုင်ဖက် မရှိ ရပ်တည်လိုတဲ့ အမေရိကန်နဲ့ ပြိုင်ဖက်လိုဖြစ်လာနေတာပါ။ အမေရိကန်နဲ့ တရုတ်အကြား စစ်ရေး ပူးတွဲလေ့ကျင့်မှုတွေ နဲ့ အပြန်အလှန် ထိတွေ့မှုတွေ များများလုပ်ဆောင်လေ၊ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်ရမှု နည်းလာလေလေပဲလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG