သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းချမှု အမေရိကန် ကာကွယ်ပြောဆို


အမေရိကန်ပြည်ထောင်စုဟာ တရုတ်အစိုးရက လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လာခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ထိုင်ဝမ်ကို စစ်သုံးပစ္စည်းကိရိယာတွေ ရောင်းချမယ့်အစီအစဉ်ကို ကာကွယ်ပြောဆိုပါတယ်။ လက်နက်ရောင်းချတာဟာ ထိုင်ဝမ်ရေလက်ကြားမှာ လုံခြုံရေးကို ထိန်းထားပြီး တည်ငြိမ်မှုရှိစေဖို့ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် လော်ရာ တစ်ရှ်လာ က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုတွေ၊ လုံခြုံရေးဆွေးနွေးမှုတွေကို လည်း ရပ်ဆိုင်းထားမယ်လို့ တရုတ်အစိုးရက စနေနေ့က ကြေညာခဲ့ပြီးတော့ ထိုင်ဝမ်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချတဲ့ ကုမ္ပဏီကိုလည်း ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါဟာ ထိုင်ဝမ်ကို စစ်ဘက်ဆိုင်ရာပစ္စည်း ဒေါ်လာ သန်း ခြောက်ထောင့်လေးရာ တန်ဖိုး ရောင်းချမယ်လို့ သောကြာနေ့က ကြေညာတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကို တုံ့ပြန်တာ ဖြစ်ပါ တယ်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်ဟန်းစ်မန်း ကိုလည်း ပီကင်းမြို့တော်မှာ တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟီယာဖီ က ဆင့်ခေါ်ခဲ့ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ကိစ္စဖြစ်တယ်လို့ သူက ရည်ညွှန်းတဲ့ ဒီကိစ္စကို ဖျက်သိမ်းပေးဖို့လည်း သူက အမေရိကန် အစိုးရကို တိုက်တွန်းသွားခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ မာ့ယင်ကျုံး ကတော့ လက်နက်ရောင်းချတာဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့နဲ့ လုံခြုံစိတ်ချမှု ရရှိစေဖို့ ဖြစ်တယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG