သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် မြန်မာအလုပ်သမား ၉ ဦး မဲဆောက်မှာ အသတ်ခံရ


မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပုတ်ဖရမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦးအနက် ၇ ဦးရဲ့ အလောင်းကို အာဏာပိုင်တွေက ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

တရားမဝင် တောလမ်းကတဆင့် ဘန်ကောက်ကိုတက်မယ့် မြန်မာနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဒေသက ကျေးရွာလူကြီး တယောက်က ပြောပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ ပုတ်ဖရမြို့နယ်က ကျေးရွာလူကြီး တယောက်က အသတ်ခံရသူ ၉ ယောက် ဖြစ်ပေမဲ့ အလောင်း ၇ လောင်းပဲ တွေ့ရသေးတယ်လို့ ပြောပါတယ်။

“သူတို့က ၂၅ ရက်နေ့ မြဝတီက ကူးတယ်။ ဒါပေမဲ့ ၂၅ ရက်နေ့ကပဲ သူတို့ အဖမ်းခံရတယ်။ လွတ်သွားတဲ့လူ ၃ ယောက်မှာ တယောက်က စကားပြောမတတ်ဘူး။ ဘန်ကောက်ကနေ အဆက်အသွယ် လုပ်ပေးပြီး ပုလိပ်က ခေါ်လာခဲ့ပေးတာ။ အဲဒီလူလည်း ကျနော့်အိမ်မှာပဲ တည်းနေတယ်။ ကျနော်တို့ အလောင်းတွေ့တာ ၂၇ ရက်နေ့ မနက်မှာ ၂ လောင်း တွေ့တယ်၊ ၂၈ ရက်နေ့ မနက်မှာ ၂ လောင်းတွေ့တယ်၊ မနေ့က ၃ လောင်း ထပ်တွေ့တယ်။ ၇ လောင်း တွေ့ပြီ၊ အားလုံး ၉ ယောက်ပေါ့။ အဲဒီအလောင်းတွေကလည်း မဲဆောက်မှာ ၄ လောင်း၊ ပုတ်ဖရမှာ ၃ လောင်း ရှိနေတယ်။”

လမ်းပြကယ်ရီက ပိုက်ဆံလာမပေးလို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ တပည့်လက်သားတွေပေ့ါနော်။ တောထဲမှာ တက်လာတဲ့ ကယ်ရီအဖွဲ့တွေ၊ ဘာတွေကို ဖမ်းပြီးတော့ ပိုက်ဆံညှစ်တာပေ့ါ။ လွတ်သွားတဲ့ ကယ်ရီက ပိုက်ဆံလာပေးမယ်ဆိုပြီး မပေးလို့ သူတို့က သတ်လိုက်တဲ့ သဘောပါ။ ၁၂ ယောက်၊ အားလုံး ကယ်ရီနဲ့ဆို ၁၃ ယောက် လာတာပေါ့။ သူတို့က လှိုင်းဘွဲ့မြို့နယ်၊ ကျိုက်ပေါင်ရွာက ၉ ယောက်ပါတယ်လို့ ပြောသံကြားတယ်။ နောက် ဇာသပြင် မင်းခေါင်ရွာက ၃ ယောက်ပါတယ်။”

အသတ်ခံရသူ တယောက်ဖြစ်တဲ့ မတင်ထွေးအေးရဲ့ ခင်ပွန်း ကိုအောင်ကြည်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

“တို့ ဒီမှာ မြဝတီမှာ ရောက်လာပြီ၊ လူကိုယ်တိုင် သွားမကြည့်ရသေးဘူး၊ မနက်ဖြန်မှ သွားကြည့်ရမယ်၊ မရှိတော့ဘူး၊ ပုလိပ် ဘယ်လိုလာပြောလိုက်လဲ မသိဘူး။ ဘယ်သူမှ မထင်ထားဘူး။ နောက် မနက်ဖြန်မှ သူ့ကို သွားကြည့်ရမယ်နော်၊ ဒီမှာမေးတော့ ကျနော်လည်း ဘာမှမသိတော့ဘူး။”

မြဝတီကနေတဆင့် ဘန်ကောက်သို့ တရားမဝင် တောလမ်းက သွားသူတွေဟာ အခုလို မကြာခဏ သတ်ဖြတ်ခံရတယ်လို့လည်း မဲဆောက်က အလုပ်သမားအရေး လုပ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“လဝကတို့၊ နယ်မြေမှာရှိတဲ့ ပြည်သူ့စစ်တို့နဲ့ အဝေမတည့်တာလည်း ရှိတယ်။ သူတို့အချင်းချင်းလည်း အဝေမတည့်တာတွေ ရှိတယ်။ အဲဒီကြားထဲမှာတော့ သယ်ဆောင်ခံရတဲ့ သူတွေပဲဖြစ်စေ၊ ကယ်ရီပဲဖြစ်စေ အသတ်ခံရတဲ့ ရာဇဝတ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ အခု မဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။”

နှစ်နိုင်ငံ သဘောတူညီအရ ယာယီ ပါ့စ်ပို့တ် (Passport) နဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်နေချိန်မှာ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမား ၂,၀၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG