သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဘတ်ဂျက် ၃.၈ ထရီလီယံ သုံးစွဲရန် အမေရိကန် သမ္မတ အဆိုပြု


အမေရိကန် ဗဟိုအစိုးရ အသုံးစရိတ်ကို ၃.၈ ထရီလီယံ ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အဆိုပြုလိုက်ပါတယ်။ ဒီအသုံးစရိတ်ကြောင့် အမေရိကန် အစိုးရ လိုငွေပြမှုဟာ စံချိန်တင်အောင် ၁.၆ ထရီလီယံနီးပါး ဖြစ်သွားပါလိမ့်မယ်။

အမေရိကန်မှာ အရေအတွက် မြင့်မားနေတဲ့ အလုပ်လက်မဲ့နှုန်း ကျဆင်းရေးအတွက် ရေတိုသုံးမယ့် စရိတ်နဲ့ နိုင်ငံရဲ့ စီးပွားရေး ရေရှည်ကောင်းမွန်နေဖို့ လိုငွေပြမှု ကျဆင်းအောင် လုပ်ရမယ့်ကိစ္စကို ချိန်ပြီး နိုင်ငံ့အသုံးစရိတ်တွေကို မျှအောင် ကြိုးစားနေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတရဲ့ အသုံးစရိတ် အစီအစဉ်မှာ ငွေကြေးကြွယ်ဝသူတွေ၊ ဘဏ်ကြီးတွေကို အခွန်တိုးကောက်ဖို့၊ ရုပ်ကြွင်းလောင်စာတွေအတွက် အစိုးရ ထောက်ပံ့မှု လျှော့ချဖို့နဲ့ အစိုးရ အသုံးစရိတ်တချို့ကို ဆိုင်းငံ့ထားဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။ ပညာရေး၊ အလုပ်အကိုင်နဲ့ စစ်ဘက်ရေးရာမှာ အသုံးစရိတ်တွေ တိုးမှာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေကို လပေါ် ပို့ဆောင်မယ့် အကုန်အကျများတဲ့ အစီအစဉ်ကိုလည်း သမ္မတက ဖျက်သိမ်းခဲ့ပါတယ်။

သမ္မတ အဆိုပြုတဲ့ အစီအစဉ်က အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်တဲ့ ၂၀၁၁ ခုနှစ်အတွက် အသုံးစရိတ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်က ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပြီး အတည်ပြုချက်ရဖို့ အချိန်ကြာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ အိုဘားမားရဲ့ ရှေ့နှစ် အသုံးစရိတ် အစီအစဉ်အပေါ် အတိုက်အခံ ရီပတ်ဘလီကန်တွေက အကြီးအကျယ် ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG