အာရှဒေသတွင်းက အမေရိကန် မဟာမိတ်တွေနဲ့ နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ စတင်ပြုလုပ်နေ ပါတယ်။
Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံတွေက ကြည်း၊ ရေ၊ လေ စစ်သား ထောင်ပေါင်းများစွာ ပါဝင် စစ်ရေးလေ့ကျင့် နေကြပါတယ်။
အင်အားအများဆုံး ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလို့ ဆိုတဲ့ ဒီတခါ စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယား ပထမဆုံး ပါဝင်တာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုက သီတင်းသုံးပတ် ကြာမှာ ဖြစ်ပါတယ်။
အာရှမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဆက်လက်ရှိနေဖို့အတွက် အမေရိကန်က သန္နိဋ္ဌာန် ချထားပါတယ်ဆိုတာ ပြသဖို့ ဒီစစ်ဆင်ရေးက အရေးကြီးတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဲရစ် ဂျွန် (Eric John) က ပြောပါတယ်။
ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို တနင်္လာနေ့ကတည်းက စတင်နေတဲ့ ထိုင်း အရှေ့ဘက်ကမ်းရိုးတန်း ရယောင် (Rayong) မှာ သံအမတ်ကြီး အဲရစ် ဂျွန်က ပြောခဲ့တာ ဖြစ်ပါတယ်။