သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရမ်မီ ဆုပေးပွဲ မြန်မာအဆိုတော်တွေ တက်ရောက်


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ ၅၂ ကြိမ်မြောက် ဂရမ်မီ (Grammy) ဂီတထူးချွန်ဆု ပေးပွဲကို မြန်မာနိုင်ငံက အဆိုတော်တွေလည်း ပထမဦးဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့ပါတယ်။ အခုလို ဂရမ်မီ ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာအဆိုတော်တွေကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဂီတရဲ့ အော်စကာဆုလို့ တင်စားခေါ်ဝေါ်တဲ့ ဂရမ်မီ ဆုပေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အဆိုတော်တွေ ဖြစ်တဲ့ ထူးအယ်လင်း၊ မီးမီးခဲ၊ ကဗျာဘွဲ့မှူးနဲ့ ဆုန်သင်းပါတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက အဆိုတော်တွေ တက်ရောက်ခွင့်ရတာလည်း ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံက အဆိုတော်တွေ ဂရမ်မီ ဆုပေးပွဲကို တက်ရောက်နိုင်အောင် ကမကထလုပ် စီစဉ်ပေးခဲ့တဲ့ I Love Myanmar အဖွဲ့က ဒေါ်လစ်ဘီက အခုလိုပြောပါတယ်။

“အဲဒါ သူတို့ကို လက်ဆောင်ပေးချင်တာလေ။ ဒီလိုမျိုးပွဲကို မြန်မာတွေက မတက်ဖူးဘူးပေါ့။ အဲဒါဆိုတော့ သူတို့လည်း နည်းနည်းရပါစေ။ ကိုယ့်ကို ကူညီခဲ့ဖူးတဲ့ သူတွေကို ပြန်လည်ပြီး လက်ဆောင်ပေးတာပေါ့။

“သူတို့က ကျမကို အများကြီး ကူညီခဲ့တယ်။ ကျမတို့ ဧရာဝတီတိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်တယ်၊ ရွာတွေမှာ အိမ်ဆောက်တယ်၊ ကျောင်းတွေဆောက်တယ် ဆိုရင်လည်း အိမ်ဆောက်တာကို ဘယ်လိုအခြေအနေ ရှိလဲလို့ သွားကြည့်ရင်လည်း သူတို့က သီချင်းလိုက်ဆိုပေးတယ်၊ ကျောင်းဖွင့်ပွဲလည်း သီချင်းဆိုတယ်။ ခရီးထွက်ရင်လည်း တပတ်လောက် အဲလိုထွက်တာ။ သူတို့ ပွဲတွေ ဖျက်ပြီးတော့ လိုက်ခဲ့တာ။

“မြန်မာပြည်က အဆိုတော် ဘယ်သူ့ကို ခေါ်မလဲလို့ ရွေးချယ်တာမျိုး မဟုတ်ဘဲနဲ့ လူမှုရေး လုပ်တဲ့အချိန်မှာ စိတ်အား ကိုယ်အားနဲ့ ကူညီခဲ့တဲ့ လူတွေကို ဖိတ်တာ။”

I Love Myanmar အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို အကူအညီ ပေးခဲ့ပါတယ်။ ဂရမ်မီ ဆုပေးပွဲကို မြန်မာနိုင်ငံက အဆိုတော်တွေ တက်ရောက်နိုင်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလလောက် ကတည်းက ဆက်သွယ်ပြီး လုပ်ခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဖိတ်ကြားခြင်း ခံရတာ ဖြစ်တယ်လို့ ဒေါ်လစ်ဘီက ပြောပါတယ်။

ဒါ့အပြင် အဆိုတော် ကဗျာဘွဲ့မှူးကလည်း ဂရမ်မီ ဆုပေးပွဲကို မြန်မာနိုင်ငံက အဆိုတော်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပါတယ်။

“အရမ်းသဘောကျတယ်၊ ကျမတို့အဖွဲ့တွေ ဒီပွဲကို လာရတဲ့အတွက်၊ ဂုဏ်ယူမိတယ်ပေါ့။ ဒီကို Sponsor ခေါ်ပေးတဲ့ အမကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး တက်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။”

ဒီနှစ် ဂရမ်မီ ဆုပေးပွဲ ဆုရတဲ့သူတွေထဲမှာ နာမည်ကြီး အဆိုတော်တွေ ဖြစ်တဲ့ ဘီယွန်းဆေး (Beyonce)၊ တေလာ ဆွစ်ဖ်တ် (Taylor Swift)၊ လေဒီ ဂါဂါ (Lady Gaga)၊ ကင်းစ် အော့ဖ် လီရွန် (Kings Of Leon) နဲ့ ဘလက် အိုင်းဒ် ပီးစ် (The Black Eyed Peas) စတာတွေ ပါဝင်ပါတယ်။

ဂရမ်မီ ဆုပေးပွဲမှာ ကမ္ဘာတဝန်းက နိုင်ငံကျော် အဆိုတော်တွေ တက်ရောက်ခဲ့ကြသလို သီဆိုဖျော်ဖြေမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။ အဲဒီလို ကမ္ဘာတဝန်းက အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မြင်တွေ့ခဲ့ရတဲ့အတွက် အထူးပဲ ကျေနပ် အားရမိတယ်လို့လည်း အဆိုတော် မီးမီးခဲက အခုလိုပြောပါတယ်။

“ထူးထူးခြားခြား အတွေ့အကြုံကတော့ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေကို တွေ့ရတယ်၊ သူတို့ ဆိုတာတွေရော။ သူတို့ရဲ့ Performance က အရမ်းမိုက်တယ်။ အဲလိုမျိုးတွေ ကြည့်ရတာ တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ Performance ဆိုရင် Pink ဆိုတာကို ကြိုက်တယ်။ Pink က ကောင်းကင်မှာ ကြိုးတွေနဲ့ သွယ်ပြီး တကိုယ်လုံးကို လိမ်နေတာပေါ့၊ ကျွမ်းဘားလိုပုံစံမျိုး ဆိုတာလေ။ ကျွမ်းဘားလည်း လုပ်ပြီး ဆိုတော့ သူဆိုတဲ့အသံက အမောခံနိုင်တယ်။ သူ ဘယ်လောက်ပဲ အဲလို ဆိုနေပါစေ၊ သူ့အသံက ကျမသွားဘူး။ အဲဒါတွေ ကြည့်ခြင်းအားဖြင့် ကိုယ်လည်း သီချင်းဆိုရင် ကြိုးစားပြီး လေ့ကျင့်ဖို့ လိုတယ်ပေါ့။ ဒါမျိုး အသံငြိမ်အောင်၊ ခိုင်မာအောင် လုပ်ချင်တယ်၊ အဲလိုစိတ်လေး ဖြစ်တယ်။”

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဂရမ်မီ ဆုပေးပွဲနဲ့ ပတ်သက်ပြီး အဆိုတော် မီးမီးခဲ ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG