သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲကိစ္စ နိုင်ငံတကာ သံတမန်တွေ စိုးရိမ်


မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောဆိုနေပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အခုချိန်ထိ မထုတ်ပြန်သေးတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေ အပါအဝင် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မကြေညာသေးသလို ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေတွေကို မထုတ်ပြန်သေးတဲ့အပြင် နိုင်ငံရေးနဲ့ဆိုင်တဲ့ အကျဉ်းသားတွေကို လွှတ်မပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလားလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။ အဲဒါကြောင့် မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံတွေက ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတခုကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန်နိုင်ငံရဲ့ မစ်ရှင်မှာ ပြုလုပ်ခဲ့ပြီး အိုင်ယာလန်နိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတို့က ကမကထလုပ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ပြောဆိုဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက အခုလို ပြောပါတယ်။

“အဓိက သိချင်တာကတော့ ပထမဦးဆုံးအချက် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အချိန်ဇယားပေါ့၊ ဒုတိယကတော့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နအဖဘက်က ကြေညာထားတယ်။ ဒါပေမဲ့ ယနေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွေ ထွက်မလာတဲ့ အပေါ်မှာ ဒီဥပဒေက ဘယ်တော့ ထွက်ဖို့ရှိလဲ၊ နအဖဘက်က ဘယ်လိုမျိုး ပြင်ဆင်မှုတွေ လုပ်သလဲဆိုတဲ့ အပိုင်းပေါ့။

“နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ရှစ်လေးလုံးက ကိုမင်းကိုနိုင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ်။ ဆိုတော့ အဲဒီအပိုင်းတွေ အပေါ်မှာ ဘယ်လောက် အတိုင်းအတာထိ တိုးတက်မှုရှိသလဲ၊ ဘယ်လို အခြေအနေတွေ ရှိသလဲ။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေရဲ့ ၂၀၁၀ အပေါ် သဘောထား အမြင်တွေကိုလည်း အဓိကထားပြီး မေးမြန်း ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်လို မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံက သံတမန်တချို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာသောင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတော်တော်များများက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းချောမွေ့တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ဖြစ်စေချင်တယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်တာ မြင်စေချင်တယ်။ ဒါနဲ့ပတ်သက်လို့လည်း အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေထဲမှာ ဖော်ပြထားပြီး ဖြစ်သလို အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း အဲလိုမျိုး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး အတွက် ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုပြီး တိုက်တွန်း ဆုံးဖြတ်ချက် ချထားတာတွေ ရှိပါတယ်။

“အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေ၊ အကြံပြုချက်တွေ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အခြေအနေဟာ တိုးတက်လာမှု၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှု တစုံတရာ မတွေ့ရဘူး။ ဒါ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ချထားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

“အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့က စိုးရိမ်မှု ရှိသလို ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခု၊ အင်အားစုအားလုံး ပါဝင်တဲ့ဟာ ဖြစ်ပ့ါမလား၊ ဒါတွေနဲ့ ပတ်သက်လို့လည်း သူတို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေ ထွက်လာတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် အပါအဝင် နိုင်ငံတကာက တောင်းဆိုနေတာကို မြန်မာစစ်အစိုးရက အခုချိန်ထိ အပြုသဘောဆောင် တုံ့ပြန်ခြင်း မရှိသေးတဲ့ အပေါ်မှာလည်း နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG