မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ဘားမား ဗွီဂျေ (Burma VJ) ဟာ ၂၀၀၉ ခုနှစ် အမေရိကန် အော်စကာဆုတွေထဲက မှတ်တမ်းရုပ်ရှင် အမျိုးအစားအတွက် စာရင်းတင်သွင်းခြင်း ခံရပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးခဲ့တဲ့ မြန်မာမိန်းကလေးတယောက်နဲ့ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်ထွန်းတို့ကို ဆက်သွယ်မေးမြန်းပြီး မခွာညိုက တင်ပြပေးထားပါတယ်။
နော်ဝေးနိုင်ငံမှာတော့ ဘားမား ဗွီဂျေ သတင်းမှတ်တမ်းကားကို တနိုင်ငံလုံးအတွက် လွှင့်ထုတ်တဲ့ တီဗွီအစီအစဉ်ကနေ ကြည့်ကြရတာပါလို့ နော်ဝေးမှာ နေထိုင်နေတဲ့ မြန်မာမိန်းကလေး ဖြိုးက ပြောပါတယ်။ သူက ဒီသတင်းမှတ်တမ်းကားဟာ ဘယ်လိုကားမျိုး ဖြစ်သလဲဆိုတာကို အခုလို ပြောပါတယ်။
“အဓိက ရိုက်ပြသွားတာကတော့ စက်တင်ဘာ ၂၀၀၇ တုန်းကဖြစ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ ဖိနှိပ်ခံ သတင်းသမား တယောက်ရဲ့ အခြေအနေကို ရိုက်ပြသွားတာ။ ခက်ခက်ခဲခဲကြားထဲမှာ မြန်မာပြည်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ကမ္ဘာကို ပြချင်လို့ သက်စွန့်ဆံဖျား ရိုက်ပြတယ်ပေါ့။ မြန်မာနိုင်ငံကလူတွေ ဖိနှိပ်ခံနေရတာတွေ၊ သံဃာတွေက လူတွေရဲ့ တကယ့် စစ်မှန်တဲ့ အခွင့်အရေးရအောင် ဆန္ဒတွေ ထုတ်ဖော်ပြနေတာကို ကမ္ဘာကသိအောင် သူ တော်တော် စွန့်စွန့်စားစား ရိုက်ပြသွားတာ။”
ဒီရုပ်ရှင်မှတ်တမ်းကား ဖြစ်လာအောင် စက်တင်ဘာလ အရေးအခင်းအတွင်းမှာ ဘယ်လို လှုပ်ရှားခဲ့သလို ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ဒီဗွီဘီ သတင်းသမားတယောက်ဖြစ်တဲ့ ကိုအောင်ထွန်းက ဖုံးကိုင်ထားတဲ့ သူတို့နောက်ကို ရန်ကုန်မှာ ရှိသမျှ ရဲနဲ့ စစ်ဘက်ထောက်လှမ်းရေးတွေ အားလုံးက အသည်းအသန် လိုက်ခဲ့ကြတယ်၊ အဲဒီအတွက် သူတို့ဟာ တတ်နိုင်သမျှ နည်းမျိုးစုံသုံးပြီး ပြေးရင်းလွှားရင်းက ကိုယ့်ကို မမှတ်မိအောင် တတ်နိုင်သမျှ ရုပ်ဖျက်ပြီး ကိုယ်ရိုက်ကူးထားတဲ့ သတင်းတွေနဲ့ သတင်းမှတ်တမ်း ဓာတ်ပုံတွေကို နောက်တဆင့် လက်ခံမယ့်သူဆီကို အချိန်မီရောက်အောင် ပေးပို့ခဲ့ကြရတဲ့အကြောင်းကို အခုလို ပြောပါတယ်။
“အဓိကအားဖြင့် တဦးတယောက်ချင်းမှာလည်း အခက်အခဲ အများကြီးရှိသလို ကျနော်တို့ အဖွဲ့ထဲမှာလည်း အခက်အခဲ အများကြီးရှိတယ်။ ဒါပေမဲ့ တယောက်ချင်းက ဒီအခြေအနေကို တတ်နိုင်သလောက် ကိုယ့်ရဲ့ မိသားစုဆီက၊ သူငယ်ချင်းတွေက အကူအညီတွေ ယူပြီး တတ်နိုင်သလောက် ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတဲ့ ကာလကြီးမှာ ဒီမှတ်တမ်းတွေ ရဖို့အတွက်၊ တတ်နိုင်သလောက် သတင်းတွေ အချိန်မီ ထွက်သွားနိုင်ဖို့ အဲလိုစိတ်မှန်းထားပြီး လုပ်ခဲ့တယ်။”
အဲဒီဇာတ်ကားကို ကြည့်ရတဲ့ နော်ဝေးနိုင်ငံသား ပရိသတ်တွေရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့ ဖြိုးက အခုလို ပြောပြပါတယ်။
“အဲဒီရုပ်ရှင်လာမယ်ဆိုတော့ သမီးနဲ့ခင်တဲ့ နော်ဝေးသူငယ်ချင်းတွေကို SMS ပို့တယ်။ သူတို့လည်း သမီးပို့လို့ဆိုပြီး ဝမ်းသာအားရ ကြည့်ကြတာပေါ့။ ဒါ မြန်မာပြည်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပေါ့။ ပြီးသွားတော့ သမီးကို SMS တွေပို့တယ်၊ သူတို့တွေ ယုံတောင် မယုံနိုင်ဘူးတဲ့။ လူတွေ ဘုန်းကြီးတွေကို ဒီလို ပစ်သတ်ရဲတယ်ဆိုတာ၊ ဒါတောင် သူတို့က ဗုဒ္ဓဘာသာ လူမျိုးတွေတောင် မဟုတ်ဘူး၊ သူတို့ အံ့သြမိတယ်တဲ့၊ ဘယ်လိုလူမျိုးတွေများ အဲဒီနိုင်ငံမှာ အုပ်ချုပ်နေကြတာလဲပေါ့။”
ဒီဆု ရနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ ကင်မရာမင်းဖြစ်တဲ့ ကိုအောင်ထွန်းက သူ့ရဲ့ ခံယူချက်နဲ့ သဘောထားကို အခုလို ပြောပြသွားခဲ့ပါတယ်။
“ဒါ ကျနော်တို့ မမျှော်လင့်ခဲ့တဲ့ ကိစ္စတခုပါပဲ။ ဒီ အော်စကာဆုနဲ့ တခြားမှတ်တမ်းရုပ်ရှင်ဆုတွေ ရတာထက်စာရင် ကျနော်တို့က ဒီရုပ်ရှင်ကား မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အဲဒီမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းထောက် မစ္စတာ ခန်းဂျိ နာဂါအိ (Kenji Nagai) အပါအဝင် အခုလတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်တွေ၊ တခြား သတင်းဌာနတွေရဲ့ သတင်းထောက်တွေ အကြောင်းကို ဒီရုပ်ရှင်က ဆက်ပြီးတော့ နှစ်ကာလ ကြာရှည်စွာ ပြောနေဦးမယ်လို့ ကျနော် မျှော်လင့်နေပါတယ်။ ဒီဟာက အော်စကာဆု ရတာထက်စာရင် ကျနော်တို့အတွက် ပိုပြီး တန်ဖိုးရှိတယ်လို့လည်း ထင်ပါတယ်။”
၂၀၀၉ ခုနှစ် အမေရိကန် သတင်းမှတ်တမ်း ရုပ်ရှင်အတွက် အော်စကာဆု အမည်စာရင်း တင်သွင်းခံရတဲ့ Burma VJ ဇာတ်ကားကို စုစည်းတည်းဖြတ်ပေးခဲ့တဲ့ ဒါရိုက်တာကတော့ အန်ဒါးစ် အော်စတာဂါ့ဒ် (Anders Ostergaard) ဖြစ်ပါတယ်။