သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လစခန်းရှိ ကရင်ဒုက္ခသည် ၉၀ ဂျပန်မှာ အခြေချခွင့် ရမည်


ထိုင်း၊ မြန်မာနယ်စပ်ဒေသ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ခေါ်ယူရေး အစီအစဉ်ရဲ့ ပထမ ခြေလှမ်းအဖြစ်နဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ဟာ ဒုက္ခသည်တွေကို လူတွေ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဂျပန်ကိုယ်စားလှယ် အဖွဲ့ဟာ ဒုက္ခသည်တွေကို လူတွေ့ စစ်ဆေးမေးမြန်းမှုတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဂျပန်နိုင်ငံမှာ ပြန်လည် နေရာချထားပေးမယ်ဆိုတဲ့ ဂျပန်အစိုးရရဲ့ ပထမအဆင့်အဖြစ်နဲ့ ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာ ရှိတဲ့ ဒုက္ခသည်တွေကို ဂျပန်အစိုးရ ကိုယ်စားလှယ်တွေက မနေ့ အင်္ဂါနေ့ကစပြီး လူတွေ့ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဂျပန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁ ရက်၊ တနင်္လာနေ့ကတည်းက မယ်လစခန်းထဲကို ရောက်နေခဲ့ကြတာလို့ မယ်လစခန်းရဲ့ ဒုတိယဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောပါတယ်။

“သူတို့ ၁ ရက်နေ့၊ တနင်္လာနေ့ကတည်းက စခန်းမှာ ကျနော်တို့ ကော်မတီတွေရယ်၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရယ် လာတွေ့ပါတယ်။ ညနေပိုင်းကျတော့ သူတို့ ဂျပန်နိုင်ငံကို လျှောက်တဲ့လူတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့ရဲ့ အစီအစဉ်က ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဂျပန်ကို တင်ထားတဲ့ မိသားစုတွေကို အင်တာဗျူးလုပ်မယ်၊ ဂျပန်အစိုးရက။ ဂျပန်အစိုးရအဖွဲ့မှာ ဆိုရင်တော့ တရားရေး ဝန်ကြီးဌာန (Ministry of Justice) က ၆ ယောက်၊ ၇ ယောက်လောက် ပါမယ်။ ပြီးတော့ Ministry of Foreign Affairs က ၃ ယောက်လောက် ပါတယ်။ အားလုံး ၁၀ ယောက်လောက် ပါတယ်။”

ဂျပန်အစိုးရအနေနဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည် စခန်းထဲမှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို ဒီနှစ် ၂၀၁၀ ခုနှစ်ကစပြီး တနှစ် အယောက် ၃၀ နှုန်းနဲ့ ၃ နှစ်ဆက်တိုက် ခေါ်ယူ ပြန်လည် နေရာချထားလိုတဲ့ အကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ ပထမအသုတ်အဖြစ်နဲ့ လူ ၃၀ ကို စတင်ခေါ်ယူဖို့ အခုလို လာတွေ့တာ ဖြစ်တဲ့အကြောင်း မန်းထွန်းထွန်းက ဆက်ပြောပြပါတယ်။

“ဂျပန်နိုင်ငံက ပထမအသုတ် အနေနဲ့ လူ အယောက် ၃၀ ခေါ်မယ်။ အဲဒီအတွက် စိတ်ဝင်စားတဲ့ လူတွေ တင်ကြပါပေါ့။ အဓိက အကြောင်းရင်းကတော့ ဂျပန်နိုင်ငံက အာရှနိုင်ငံ တနိုင်ငံလည်း ဖြစ်တယ်။ ပြီးတော့ ကြိုတင် ပြင်ဆင်ထားတဲ့ ဟာတွေလည်း တော်တော်ကောင်းပါတယ်၊ ကျနော် သိရသလောက်ဆိုရင်။ သူတို့အစီအစဉ်ကတော့ ဒီ ၄ ရက်အတွင်းမှာ မိသားစုဝင်တွေကို အင်တာဗျူးလုပ်ဖို့ စီစဉ်ထားတယ်။”

ဒီဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ရောက်သွားရင် ပထမ ၆ လအထိ ဂျပန်အစိုးရက ကြည့်ရှုစောင့်ရှောက်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ ဂျပန်နိုင်ငံ ရောက်သွားရင် ၆ လက အစိုးရက အပြည့်အ၀ ကူညီ ထောက်ပံ့ပေးသွားမယ်။ ၆ လကျော်သွားရင်တော့ မိသားစုဝင်တွေက သူတို့ဘာသာ သူတို့ ခြေထောက်ပေါ် ရပ်တည်ဖို့အတွက် အလုပ်တွေ ရှာရတော့မယ်။ ကိုယ့်ရဲ့ အိမ်တွေဘာတွေ ရှာရတော့မယ်။ အဲဒီမှာ နောက်ထပ် ၁ နှစ်နဲ့ ၆ လ အတွင်းမှာတော့ သူတို့ လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေက သူတို့ကို အကြံဉာဏ်တွေ ပေးသွားမယ်၊ အကူအညီတွေပေါ့၊ အလုပ်အကိုင် ရှာဖို့ဖြစ်ဖြစ်၊ တကယ်လို့ အလုပ်အကိုင် ရှာလို့ မရဘူး၊ အခက်အခဲတွေ ရှိမယ်ဆိုရင် Social Welfare Program ပေါ့၊ အစိုးရက ထောက်ပံ့ထားတဲ့ Social Welfare Program တွေမှာ သူတို့ကို ကူညီထောက်ပံ့ ပေးနိုင်အောင်ဆိုပြီး သူတို့က ဝိုင်းဝန်း ကူညီမှုတွေတော့ ရှိမယ်လေ။ ၁ နှစ်နဲ့ ၆ လတိတိပေါ့။”

ဒုက္ခသည်တွေထဲက ဘယ်သူ့ကို ဂျပန်နိုင်ငံလာဖို့ လက်ခံမယ်ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဂျပန်အစိုးရ အပေါ်မှာပဲ မူတည်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရေ မာဟေခြစ်စ် (Andrej Mahecic) က ပြောပါတယ်။

“တကယ်လို့ အားလုံး အဆင်ပြေ ချောမွေ့သွားရင်တော့ ဒုက္ခသည်တွေ အနေနဲ့ ဂျပန်နိုင်ငံကို ဒီနှစ် စက်တင်ဘာလလောက်မှာ စတင် ထွက်ခွာနိုင်ကြမှာဖြစ်ပြီး တနှစ်မှာ အယောက် ၃၀ စီ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်စခန်း ၉ ခုထဲက ဒုက္ခသည် စုစုပေါင်း ၅၅,၀၀၀ လောက်ထဲက ၂၀,၀၀၀ လောက်ကို တခြားနိုင်ငံတွေမှာ ပြန်လည် နေရာချထား ပေးနိုင်ခဲ့ပါပြီ။ ဒီအထဲက အများစုကတော့ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေကို ရောက်သွားကြတာ ဖြစ်ပေမဲ့ တခြား နိုင်ငံပေါင်း ၈ နိုင်ငံကို ရောက်သွားကြတဲ့ ဒုက္ခသည် တချို့လည်း ရှိပါတယ်။”

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အာရှနိုင်ငံတခုက ပြန်လည် နေရာချထားပေးဖို့ ခေါ်ယူတာ ဂျပန်နိုင်ငံဟာ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြား အနောက်နိုင်ငံတွေအပြင် အခုလို အာရှတိုက်အတွင်းက နိုင်ငံတခု တိုးလာတဲ့အပေါ် UNHCR အနေနဲ့ ကြိုဆိုကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရေ မာဟေခြစ်စ်က ပြောပါတယ်။

“ဒုက္ခသည်တွေ ပြန်လည် နေရာချထားပေးတဲ့ နိုင်ငံတွေ စာရင်းမှာ ဂျပန်နိုင်ငံတနိုင်ငံ တိုးလာတာကို ကျနော်တို့ UNHCR အနေနဲ့ ကြိုဆိုပါတယ်။ ဒီလို လုပ်ဆောင်တဲ့အတွက် တခြား အာရှနိုင်ငံတွေကို အရေးပါတဲ့ အချက်ပေးလိုက်ရုံတင် မကဘဲ ထိုင်းနိုင်ငံထဲမှာ နှစ်ပေါင်း ၂၅ နှစ်လောက် ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေ ပြဿနာ ကူညီဖြေရှင်းပေးဖို့လည်း ထိုင်းအစိုးရကို တဘက်က ကူညီရာ ရောက်နေလို့ပါပဲ။”

ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တချို့ဟာ စခန်းထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေကြရတာ ဖြစ်ပြီး တချို့ဆို နှစ်ပေါင်း ၃၀ လောက်အထိ နေထိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဂျပန်နိုင်ငံက ခေါ်ယူမယ့် မယ်လ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအနေနဲ့ လယ်ယာစိုက်ပျိုးမှု တတ်ကျွမ်းသူ၊ အသက် ၄၀ အောက်တွေနဲ့ ကရင်လူမျိုးတွေကိုသာ ခေါ်ယူမယ်လို့ ဂျပန်ကိုယ်စားလှယ်အဖွဲ့က ပြောတဲ့အကြောင်း လူတွေ့စစ်ဆေး မေးမြန်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG