သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်တမ်းတိုး ILO နဲ့ ဘယ်လို ပူးပေါင်းလုပ်ကိုင်ကြမလဲ?


ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ - NCUB (National Council of the Union of Burma) နဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် - FTUB (Federation of Trade Unions) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် နဲ့ မြန်မာပြည်မှာ အလုပ်သမားများ အခွင့်အရေး အကျိုးဆောင် လုပ်ကိုင် ဆောင်ရွက်နေတဲ့ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းပြီး မြန်မာနိုင်ငံမှာ ILO ရုံး ဆက်လျှက်ဖွင့်ထားနိုင်မှုနဲ့ မြန်မာနိုင်ငံ အလုပ်သမားများ၊ ပြည်သူများ သူတို့ရဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ရပိုင်ခွင့်များကို ဘယ်လို ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ၊ ဆောင်ရွက်သင့်သလဲ ဆိုတာတွေကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဦးမောင်မောင် ကို မေးပါရစေ။ အခုမြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်တန်းနိုင်ဖို့အတွက် ILO (International Labor Organization) နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရုံး ကို မြန်မာနိုင်ငံမှာ သက်တမ်း (၁) နှစ် တိုးချဲ့ ဖွင့်ထားနိုင်တယ်လို့ စစ်အစိုးရက လက်ခံကြောင်း ကြားသိရပါတယ်။ ဒါကို တိုးတက်မှုတရပ်အနေနဲ့ လက်ခံပါသလား။ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာနိုင်တဲ့ အလားအလာကောင်းတရပ် ဟုတ်ပါသလား။

ဦးမောင်မောင် ။ ။ လုံးဝမရှိတာနဲ့တော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တဲ့ (အတင်းအဓမ္မ ခိုင်းစေမှု) လုံးဝပပျောက်ရေး အနေအထားကိုတော့ မရောက်သေးတဲ့အတွက်ကြောင့် ဒီပေါ်မှာတော့ ကျနော်တို့အနေနဲ့ အားမရဘူး။ ဒီအပြင် နအဖ ကနေပြီးတော့ ဒီလို လက်မှတ်ထိုးပေမယ့် ဒီအမှုတိုင်းကြားမှုနဲ့ ဖမ်းဆီးထားတဲ့ လူ (၂၁) ယောက် ရှိနေသေးတဲ့ပေါ်မှာတော့ ကျနော်တို့ ILO ကို အားမရဘူး၊ နအဖရဲ့ ချိုးဖောက်နေမှုကိုလည်း အားမရဘူးလို့တော့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့နေ ဦးဖိုးဖြူ ကိစ္စကိုတော့ အခု နေပြည်တော်ဗဟိုတရားရုံးက ပြန်ပြီးတော့ ဖွင့်ပေးတယ်လို့ ကြားသိရ ပါတယ်။ အဲဒါကို ဘယ်လိုသဘောရပါသလဲ။

ဦးမောင်မောင် ။ ။ ဒီလို ချိုးဖောက်ပြီး အပြည်ပြည်ဆိုင်ရာက ပြောမှ ပြန်ဖွင့်ပေးတဲ့ကိစ္စမျိုး၊ ဦးဖိုးဖြူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဒါမျိုးတွေဖြစ်တာကိုက လုံးဝတိုးတက်မှု မဟုတ်ဘူး။ ဒါက အပြည်ပြည်ဆိုင်ရာရဲ့ လုပ်ထုံး လုပ်နည်း တွေကို ချိုးဖောက်တာကို ချိုးဖောက်တယ်လို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လမ်းပြကြယ် ဦးအေးမြင့်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ တိုင်တန်းနိုင်တဲ့ရုံးကို အခုလို ဖွင့် ပေးတာ၊ စောစောက ရှေ့နေဦးဖိုးဖြူကိစ္စ နေပြည်တော်ဗဟိုတရားရုံးက ဒါကိုပြန်ပြီးတော့ ကြားနာဖို့ ဖွင့်ပေးတာတွေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအတွက် အလားအလာကောင်းတယ်လို့ သတ်မှတ်လိုသလား။

ဦးအေးမြင့် ။ ။ ကျနော်ကတော့ ကိုယ်တိုင်ခံစားခဲ့ရဖူးတဲ့လူဖြစ်တဲ့အတွက် ILO ကို သက်တမ်းတိုးပေးတဲ့ဆိုတာက နိုင်ငံတကာကို မျက်နှာစာမှာ ဝင်ဆန့်ဖို့အတွက်လုပ်တာ။ နောက်တချက်က အပြည်ပြည်ဆိုင်ရာရဲ့ လူ့အခွင့်အရေးတွေကို ကမ္ဘာကပြောလာတဲ့အတွက် သနပ်ခါးလူး၊ ပန်းပန်ပြတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၃ ခုနှစ် ကျနော် သေဒဏ်ကျလို့ တကြိမ်၊ ၂၀၀၅ မှာတကြိမ် ILO ကြောင့် ပြန်လွတ်လာတာကလည်း နိုင်ငံတကာက ပြောလို့၊ သိလာလို့ သနပ်ခါးလူး၊ ပန်းပန်ပြလိုက်တာ။ အခုအချိန်အထိ ကျနော်ကို ကွင်းလုံးကျွတ် မရှိသေးပါဘူး။ ကျနော့်လိုင်စင်ကို လည်း အပြစ်ကလွှတ်ပေမဲ့ အကြောင်းမဲ့သိမ်းထားတာ။ တိုးတက်မှုလည်း မရှိဘူး။ ကိုဖိုးဖြူ ကို အခုလို နိုင်ငံတော် တရားရုံးချုပ်က ပြန်ခေါ်တယ်ဆိုတာလည်း နိုင်ငံတကာမျက်နှာစာမှာ မျက်နာပြလို့ ကောင်းအောင်လို့ လုပ်ပေးတာလို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက လုပ်ပေးလို့ဆိုတာ နိုင်ငံတကာမှာ နိုင်ငံတကာက ဝိုင်းဝန်ဖိအားပေးကြပါလို့ တောင်းဆို နေတာ၊ နိုင်ငံတကာကိုယ်တိုင်က ဒီရည်ရွယ်ချက် မဟုတ်ဘူးလား။ သူတို့စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ အနည်းဆုံးသူတို့ဟာ နိုင်ငံတကာဖိအားကြောင့် သူတို့ဟာ လိုက်လျောမှုတွေ လုပ်ပေးနေတာမဟုတ်ဘူးလား။

ဦးမောင်မောင် ။ ။ မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတကာကို ဖိအားပေးပြီး တောင်းဆိုရုံတွင်မက ကျနော်တို့အနေနဲ့ ကျနော်တို့ပြည်သူတွေ တိုးတက်မှုရှိတယ်ဆိုတာ လာပြီးတော့သတင်းပို့တဲ့ကိစ္စက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ် ILO ရုံးကို ဝင်ရောက်ပြီးတော့ ဆက်သွယ်နိုင်တယ်။ ဒါက ကျနော်တို့ အသုံးပြုရမယ့် ယန္တယားတခုအနေနဲ့ နားလည်ထားတယ် ဆိုတာ ကျနော်တို့အတွက် အမြတ်ဖြစ်တယ်လို့ မြင်တယ်။ အနာဂတ်ဗမာပြည်မှာလည်း ပွင့်လင်းတဲ့စနစ်မျိုး၊ အပြည်ပြည် ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ညီတဲ့စနစ်မျိုး ကျင့်သုံးဖို့ဆိုတာ ဘယ်အစိုးရတက်တက် ကျင့်သုံးဖို့ကို ပြည်သူတွေ အနေနဲ့ ဒါဟာ လက်တွေ့ကွင်းဆင်းပြီးတော့ တွေ့ကြုံရင်ဆိုင်နေရတာကို တွေ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဖိအားကိုသုံးပြီးတော့ လုပ်တဲ့ နေရာမှာ နအဖက နောက်ဆုတ်ပေးရတာမကဘဲနဲ့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း တိုးတက်မှုရှိလာတယ်ဆိုတာကို တင်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့်တို့အနေနဲ့ ပြည်သူတွေက နိုးနိုးကြားကြားနဲ့ တိုင်ရဲလောက်အောင် လုပ်ရဲလောက်အောင် ပြည်တွင်းမှာ ဘယ်လောက်ဆောင်ရွက်ပေးနိုင်ပါမလဲ။ ILO ကတော့ ကျနော်တို့ရုံး ခင်များတို့ဆီမှာ ဖွင့်လှစ်ထားပြီ လာတိုင်ကြပါ လို့ ပြောရုံနဲ့ လုံလောက်ပါသလား။ ဦးမောင်မောင် ပြောသလို ပြည်သူတွေကသွားပြီး တိုင်ရဲအောင် ဒီအခွင့်အရေးကို အသုံးချရဲအောင် ပြည်တွင်းက ဘာများလုပ်ပေးနိုင်ပါသလဲ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အနေနဲ့။

ဦးအေးမြင့် ။ ။ ဦးမောင်မောင် ပြောတာကို ကျနော်တို့ လက်ခံပါတယ်။ ILO ရုံးကို ခွင့်ပြုချက်က သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးတာပဲဖြစ်တယ်။ ဒီလို ILO တိုင်လို့ရတဲ့အကြောင်း စာချွန်လွှာလက်မှတ်ထိုးထားတဲ့အကြောင်း ပြည်သူလူထု သိအောင်လို့ ကျနော်တို့ လူ့အခွင့်အရေးဆောင်ရွက်တဲ့လူတွေရှိတယ်၊ အန်အယ်ဒီလ်ပါတီ နဲ့ တခြားပါတီတွေ ကလည်း ILO ရဲ့ အဓမ္မလုပ်အားပေးနဲ့ ကလေးစစ်သားတွေကို ဥပဒေအရ လုပ်ပေးခွင့်ကို နားလည်တဲ့အတွက် ဗမာပြည် ထဲမှာ ဖြစ်နေတဲ့လူတွေကို ပထမဦးဆုံးကတော့ လိုက်ရှာပြီးပေးရတယ်။ အဲဒီလို လိုက်ရှာပြီးပေးရတဲ့အခါမှာ ကလေး စစ်သားတို့၊ အဓမ္မလုပ်အားပေးတွေ အောင်မြင်လာတဲ့အတွက် ဒီလိုတွေ့ခဲ့ရင် ကူညီဆောင်ရွက်ပေးတဲ့လူကလည်း များတယ်။ ILO ကတော့ ရုပ်ပြပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင် ဘာမှ အောက်ခြေဆင်းမလုပ်နိုင်ဘူး။ ILO ရုံးရဲ့ အခုတည်ရှိရာနေရာဖြစ်တဲ့ ထရိတ်ဒါးစ် ဟိုတယ်လ် (Traders Hotel) ဆိုတာလည်း သာမန်ပုဂ္ဂိုလ် မြို့ပေါ်နေ လူတန်းစားတောင် မသွားရဲတဲ့နေရာပါ။ ပြည်တွင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး လူ့အခွင့်အရေးကို စိတ်ဝင်စားတဲ့ လူတွေ က ပြည်ပမီဒီယာတွေနဲ့ ကူညီပံ့ပိုးမှုနဲ့ လူသိများအောင်လုပ်ခဲ့လို့ အောင်မြင်မှုရတာ၊ နအဖ အခုလက်ရှိအုပ်ချုပ်နေတဲ့ အစိုးရလူကြီးတွေ ပါချင်လည်းပါမယ်။ သို့သော် အများအားဖြင့် အောက်ခြေတပ်ဖွဲ့က ကြိုးနီစနစ်နဲ့ ဆင့်ကဲဆင့်ကဲ လိမ်နေ တာကို ပြည်သူလူထုသိလာတယ်၊ တိုင်ရဲလာတယ်ဖြစ်တဲ့အတွက် အောင်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နိုင်ငံတကာ ILO ကတော့ ဘယ်အောက်ခြေအထိသွားပြီး ဆောင်ရွက်နိုင်ပါ့မလဲ။ ဒီရုံးကိုသွားဖို့ ကြားမှာ အဆင့်တဆင့် လိုနေတဲ့သဘောပေါ့။

ဦးအေးမြင့် ။ ။ ဟုတ်ကဲ့ ကြားမှာ အဆင့်တဆင့်လိုနေပါတယ်။ ကျနော်ကဲသို့ လုပ်တဲ့လူတွေ တော်တော်များများရှိပါတယ်။ နံပတ်တစ်အချက်ကတော့ ဒီ ILO ကို ဆက်သွယ်နိုင်ဖို့ရယ်၊ ဒီ ခလေးတွေပျောက်သွားတယ်၊ အဓမ္မလုပ်အားပေးတွေကို ဖြစ်ပေါ်နေတာကို ခံစားချက်ရှိတဲ့လူတွေက ဘယ်နေရာမှာ တိုင်လို့ရတယ်ဆိုတာ သိအောင်လုပ်ပေးဖို့ တာဝန်က ကျနော်တို့ ILO မှာ ရှိသလို ILO ကလည်း အပြည်ပြည်ဆိုင်ရာဖြစ်တဲ့အတွက် ကွင်းထဲအထိ မဆင်းနိုင်ဘူး။ ကျနော်တို့ ဗမာပြည်တွင်းမှာရှိတဲ့ လူ့အခွင့်အရေး ဆောင်ရွက်တဲ့လူတွေ၊ နိုင်ငံရေးသမားတွေ၊ တာဝန်သိပြည်သူတွေရဲ့ လက်ဆင့်ကမ်း ပံ့ပိုးမှုက အများကြီးလိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာတော့ အကန့်အသတ်တော့ရှိမှာပေါ့။ ဦးမောင်မောင်တို့ကရော ဘယ်လောက် ပံ့ပိုးပေးနိုင် ပါသလဲ။ ဒီ society ထဲမှာ အဲဒီလိုဖြစ်လာအောင် လူထုထဲမှာ ဒီလိုအသိတွေဝင်လာအောင် ဒီလိုတိုင်ရဲအောင် ဘယ်လိုများ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ပြောတာကတော့ ILO ဆိုတာက ကုလသမဂ္ဂ အထွေထွေ ညီလာခံ လိုပေါ့ ကမ္ဘာပေါင်းစုံကလာတဲ့ အနေအထားမှာရှိတော့ ဗမာပြည်မှာရှိတဲ့ သံရုံးတွေကိုလည်း အသုံးချဖို့ကိုလည်း ကျနော်တို့ တင်ပြပေးချင်ပါတယ်။ သံရုံးတွေက သူတို့သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ မျက်စိတွေ နားတွေဖြစ်တယ်။ ဒီမျက်စိတွေ၊ နားတွေက ဗမာပြည်မှာ တကယ်ပဲ အဓမ္မလုပ်အားပေးမှုတွေ ရှိလားမရှိလား၊ ပျောက်လားမပျောက်လား၊ ခလေးစစ်သား ရှိလားမရှိလားဆိုတာတွေကို လက်ခံပြီးတော့ သူတို့အစိုးရတွေ တင်ပြပြီးတော့ ILO ညီလာခံကြီးမှာ တင်ပြ ရမှာဖြစ်တဲ့အတွက်ကြောင့် ဒါကိုလည်း အသုံးပြုနိုင်တဲ့ ယန္တယားတခုအဖြစ် သုံးစေချင်တယ်။ နောက်တခါ ကုလသမဂ္ဂ အေဂျင်စီ (agency) တွေ ဥပမာ.. ကုလသမဂ္ဂက ကလေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ အသိုင်းအဝိုင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျနော်တို့က အသုံးချနိုင်ရမယ်။ ဥပမာဆိုရင် UNDP ဆိုရင် ကုလသမဂ္ဂဖွံ့ဖြိုးရေးဆိုရင် ဗမာပြည်အနှံအပြားမှာရှိတဲ့အတွက်ကြောင့် ဒီ ရုံးတွေကို သတင်းပေးကြပါ။ ဒီရုံးတွေက ငြင်းဆန်လို့မရပါဘူး။ ငြင်းဆန်လို့ရှိရင် ငြင်းဆန်တဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့ကို စာရေးပြီးအကြောင်းကြားလို့ရှိရင် ကျနော်တို့ဘာကြောင့် ငြင်းဆန်တယ်ဆိုတာကို မေးပါမယ်။ ဒါက ကျနော်တို့ ပြည်သူတွေ တိုးမနိုင်တဲ့ ယန္တယားတခုဖြစ်တယ်လို့ ကျနော်တင်ပြချင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ကုလသမဂ္ဂကိုတော့ ဟုတ်ပြီ။ သံရုံးကို တိုင်တာကိုကျတော့ သံရုံးတွေက ပူးပေါင်း ဆောင်ရွက် ပါ့မလား။

ဦးမောင်မောင် ။ ။ ဒါကတော့ ကျနော်တို့ ကြိုးစားကြည့်ရမှာပေါ့။ သူတို့ပူးပေါင်းဆောင်ရွက်ပါမလားဆိုတဲ့ မေးခွန်းပေါ်မှာ နေနေရင် ဖြစ်ပါ့မလားဆိုတဲ့မေးခွန်းမှာ နေနေရင် ILO ရုံးကို ကျနော်တို့ လူတွေတိုင်ဖြစ်မှာ မဟုတ်ဘူး၊ သွားဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ပါ့မလားမဟုတ်ဘူး ဖြစ်ပါတယ်၊ လုပ်ကြပါဆိုတဲ့ ဒီနှလုံးသားရှိမှ ဖြစ်မှဖြစ်မယ်။ ကျနော်ကတော့ ဖြစ်ပါ တယ်၊ သုံးပါလို့ပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာ ဦးမောင်မောင်တို့ဆီ အကြောင်းကြားဖို့အတွက် သံရုံးကို သွားရင်တောင် မြန်မာနိုင်ငံ မှာ သံရုံးကိုသွားလို့ သံရုံးက ဟောပြောပွဲတွေသွားလို့ အဖမ်းခံရတဲ့ကိစ္စတွေ အများကြီးပဲ။

ဦးမောင်မောင် ။ ။ သံရုံးကို လူသွားမှမဟုတ်ပါဘူး။ စာပေးရင်လည်း ရပါတယ်။ သံရုံးဝန်ထမ်းတွေက ဗမာဝန်ထမ်းတွေ အများကြီးရှိပါတယ်။ သံရုံးတွေရဲ့ စာတိုက်တွေအများကြီးရှိပါတယ်။ ဒီဟာတွေက ယန္တရားတွေပါ။ မျက်စိဖွင့်ကြည့်ဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်တို့လို ပြည်ပက ဆောင်ရွက်နေတဲ့လူတွေအနေနဲ့ကော မြန်မာနိုင်ငံလူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာဖို့ ရှေ့ကို ဘာများဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ဆက်လုပ်မယ့်ကိစ္စ တင်ပြချင်တာကတော့ ပြီးခဲ့တဲ့ရက်အတွင်းမှာ ကျနော်တို့ ILO အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ဥပဒေရေးရာပုဂ္ဂိုလ်တွေ ဆွေးနွေးခဲ့တယ်။ လာမယ့် ကမ္ဘာ့ အလုပ်သမား ရေးရာ ညီလာခံမှာ ICJ လို့ခေါ်တဲ့ International Court of Justice မှာ နအဖအနေနဲ့ အဓမ္မလုပ်အားပေးမှုကို ပပျောက် အောင် ကြိုးစားပေးမယ်လို့ ပြောရဲ့သားနဲ့ သဘောတူညီမှုလုပ်ထားရက်နဲ့ နှစ်ပေါင်းများစွာ ချိုးဖောက်ထားတဲ့ကိစ္စကို ကျနော်တို့က ဥပဒေ အကြောင်းအရာအရ ရင်ဆိုင်ဖို့ကို နအဖကို ဆွဲခေါ်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါကို အခု လာမယ့် မတ်လမှာ တင်ပါမယ်။ ပြီးလို့ရှိရင် အဲဒီကတဆင့် ကုလသမဂ္ဂမိသားစုအတွင်းမှာရှိတဲ့ အစုအဖွဲ့တွေကို သွားလို့ ရတာကို သွားပါမယ်ဆိုတာကိုတော့ အပြည်ပြည်ဆိုင်ရာ ယန္တရားတခုအနေနဲ့ ကြိုးစားနေတဲ့အကြောင်း တင်ပြနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ နိုင်ငံတကာဘက်က ဖိအားပိုပြီးလာမယ့်ဆိုတဲ့ သဘောတော့ ဟုတ်ပါပြီ။ ပြည်တွင်းမှာကော လူ့အဖွဲ့အစည်းအတွင်းမှာ အခုန ဦးအေးမြင့် ပြောသလို အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ ကိုယ်စား ဆောင်ရွက်နေတဲ့လူတွေ သိတဲ့လူတွေ ဘယ်လောက်အထိ ပေါ်ထွက်လာမယ့် အလားအလာရှိသလဲ။ ဘယ်လောက်အထိ လုပ်ရဲကြသလဲ။

ဦးအေးမြင့် ။ ။ ပြည်တွင်းက စွန့်စားမယ့်လူတွေ တပုံကြီး နည်းမျိုးစုံနဲ့ စွန့်စားနေတယ်ဆိုတာကို ပြောချင်တယ်။ ILO ကနေ တဆင့် ပြည်သူလူထုကိုလည်း ပြောစေချင်တာကတော့ အဓမ္မလုပ်အားပေးနဲ့ ကလေးစစ်သားမှ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ စာချွန်လွှာနဲ့ပိုပြီး ILO က စာချွန်လွှာဘဲ လုပ်နိုင်တာ။ ဒါပေမဲ့ ILO ရဲ့ အပြည့်အဝ လုပ်ပိုင်ခွင့်ထဲမှာ ဖြစ်နေပြီဆိုရင် ရအောင်တိုင်ကြပါ။ ILO ကတဆင့် ရောက်ပါတယ်။ ကျနော်တို့က ပြည်တွင်း က တက်ညီလက်ညီ ဒီလိုလှုပ်ရှားပေးတယ်၊ လူ့အခွင့်အရေးတွေ လုပ်ပေးတယ်၊ အနစ်နာခံပေးတဲ့လူတွေ တပုံကြီး လုပ်ပေး ရင် ဦးမောင်မောင်တို့က အပြည်ပြည်ဆိုင်ရာကို တဆင့်သွားမယ်ဆိုတာ လူတိုင်းသိပြီးပါပြီ။ အားမငယ်ပါနဲ့လို့ ပြောချင် ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့အတွက်အလားအလာ ကောင်းပါသလား။ ဦးမောင်မောင် ဘယ်လိုမြင်ပါသလဲ။ အတိုဆုံးပြောရရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေဟာ ပြည်တွင်းပြည်ပ ပိုပြီးလုပ်နိုင်မယ့် ဖိအားပိုလာအောင် ဦးမောင်မောင်တို့က ကြိုးစားနေတယ်။ ပြည်တွင်းကလည်း တိုင်ချင်တဲ့လူတွေ အများကြီးရှိတယ်လို့ ဦးအေးမြင့် ပြောတော့ မကြာခင် အချိန် အတွင်း ပွင့်လင်းလာနိုင်တယ်လို့ ထင်ပါသလား။

ဦးမောင်မောင် ။ ။ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ဗမာဘာသာစကားတင်မက တိုင်းရင်းသားပေါင်းစုံ ကရင်၊ ရှမ်း၊ မွန် ဘာသာတွေနဲ့ ကျနော်တို့ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ် ILO ရဲ့ လုပ်ထုံလုပ်နည်းတွေ၊ အခြေခံအလုပ်သမား အခွင့်အရေးတွေကို ဘာသာပြန်ထားတာတွေ အများကြီးရှိတယ်။ ပြည်တွင်းထဲမှာ လုပ်နေတဲ့ လုပ်ငန်းအစုအဖွဲ့တွေ အများကြီးရှိပါတယ်။ ဒါကိုတော့ ကျနော်ပြောနိုင်တယ်။ ထွက်ပြီးတော့ မရပ်တည်နိုင်ပေမဲ့လည်း အသိပညာ ရှိတဲ့ အတွက် ကြောင့် အသိနားလည်းမှုရှိတဲ့အတွက်ကြောင့် ဒါကို သက်ဆိုင်ရာနေရာတွေကနေ သတင်းတွေ ပို့နေတာ နှစ်စဉ်နှစ်တိုင်း နအဖ ILO မှာ ရင်ဆိုင်လာရတဲ့ အမှုတွေများလာတယ်ဆိုတာ လက်တွေ့သက်သေဖြစ်ပါတယ်လို့ ကျနော်ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးအေးမြင့်ရဲ့ နောက်ဆုံးမှတ်ချက် ဘယ်လောက်များ တိုးတက်လာမယ်လို့ အလားအလာ ကောင်းတယ်လို့ မြင်ပါသလဲ။ အလားအလာ ကောင်းပါရဲ့လား။

ဦးအေးမြင့် ။ ။ ကျနော်တို့ လမ်းပြကြယ်အဖွဲ့က တပြည်လုံးအနှံ့အပြားမှာ ရှိတယ်။ လက်ရှိ ဘယ်သူက ဖောက်ပြန်နေတယ်၊ လက်ရှိ ဘယ်သူက ဥပဒေကျူးလွန်နေတယ်ဆိုတာကို မပြောရဲတာတောင်မှ တိုးတိုးတိတ်တိတ် လာပို့တယ်။ ကျနော်တို့က လက်ဆင့်ကမ်း ပြေးနေတယ်။ တိုင်ရဲတဲ့လူက ရှေ့ကတိုင်တယ်၊ ထောင်ကျရဲတဲ့လူက ရှေ့က ကျရဲတယ်။ လုပ်မှဖြစ်မယ့် အတွက် လုံးဝလျှော့သွားမှာ မဟုတ်ဘူး။ အားလုံးကို ညီညွတ်ကြပါ။ လက်ရှိအစိုးရနဲ့ နိုင်ငံရေးသမားတွေ ညီညွှတ်ရင်တော့ ပြည်သူသက်သာပါလိမ့်မယ်လို့ ကျနော်ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ကိုယ်တိုင်ခံရမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ချိုးဖောက်ခံစားရမှုတွေ၊ အမြင်မတော်တဲ့ဟာတွေရှိရင်လည်း တာဝန်သိသိနဲ့ လူတိုင်းကပါဝင်ဆောင်ရွက်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ အခုလို ILO က ရုံးဖွင့်ပြီးတော့ တိုင်ကြားမှုတွေကို လက်ခံမယ်လို့ လုပ်လာတဲ့အခါမှာတော့ ဒါကို အခွင့်ကောင်း တရပ်အနေနဲ့ အသုံးချပြီး လူ့အခွင့်အရေး ထွန်းကားဖို့အတွက် ပါဝင်ဆောင်ရွက်သင့်ပါတယ်လို့ ထင်မိပါကြောင်း တင်ပြ လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG