ဟေတီအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) က ညှိနှိုင်းရေးမှူးတာဝန် ယူပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။ ငလျင်ဒဏ် ဆိုးဆိုးဝါးဝါး ခံထားရတဲ့ ဟေတီအတွက် ကြီးကျယ်တဲ့ အကူအညီပေးရေး အားထုတ်မှုတွေမှာ သူမတူတဲ့ ခေါင်းဆောင်မှု လိုအပ်နေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောကြားပြီး မစ္စတာကလင်တန် အနေနဲ့ နိုင်ငံတကာ အကူအညီပေးမှု ဆိုင်ရာ ပြောခွင့်ရသူ ဖြစ်သင့်တယ်လို့ ဆိုခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်ခ်မြို့ကနေ သတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) သတင်းပေးပို့ထားတာကို ဒေါ်မေငြိမ်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဟေတီနိုင်ငံအတွက် သူ့ရဲ့ အထူးသံ ကိုယ်စားလှယ်အဖြစ် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်ကို ပြီးခဲ့တဲ့ မေလကတည်းက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခု ငလျင်ဒဏ် ခံရတဲ့ ဟေတီ ပြည်သူတွေအတွက် နှစ်ရှည်လများ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်တဲ့ ကယ်ဆယ်ထူထောင်ရေး လုပ်ငန်းတွေမှာ ကြီးကြပ်ပေးဖို့အတွက် အတွေ့အကြုံ ရှိပြီးသားဖြစ်တဲ့ မစ္စတာကလင်တန်ကို မေတ္တာရပ်ခံခဲ့ရတာ ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
“ဟေတီနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာက အရေးပေါ် ကူညီတုံ့ပြန် ဆောင်ရွက်ချက်တွေကို ကျနော့်ကိုယ်စား ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်ခင်ဗျား။ ဒီကိစ္စမှာ ထူခြား ထက်မြက်တဲ့ ခေါင်းဆောင်မှု လိုအပ်နေတဲ့အတွက် သမ္မတကြီးမှတပါး အခြားသင့်လျော်မယ့် ခေါင်းဆောင် ကျနော် ရှာမတွေ့နိုင်ပါဘူးခင်ဗျား။”
မစ္စတာ ဘီလ် ကလင်တန်အနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ် အလုပ် လုပ်သွားလိမ့်မယ်လို့ သူ မျှော်လင့်ကြောင့်လည်း မစ္စတာဘန်က ပြောပါတယ်။ အဲဒီအပြင် ဟေတီနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအဆင့် အဖွဲ့အစည်းတွေ ပါဝင်လာရေး မဟာဗျူဟာကျကျ လမ်းညွှန်ချက်တွေ ပေးနိုင်ဖို့လည်း ယာယီ အကြီးအကဲ တဦးအဖြစ် မစ္စတာကလင်တန်က ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာဘန်က ထည့်ပြီး ပြောသွားပါသေးတယ်။
မစ္စတာကလင်တန်ကတော့ သူ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်သွားပါ့မယ်လို့ ပြောပြီး အခက်အခဲ ကြီးကြီးမားမားတွေ တွေ့ရမှာ ရှိသေးတာကိုလည်း သတိပေးခဲ့ပါတယ်။
“ဟေတီပြည်သူတွေ အနေနဲ့ နိစ္စဓူဝအတွက် နေထိုင်ရတာ မဟုတ်တော့ဘဲ အရှည်သဖြင့်၊ သီတင်းပတ်အလိုက်၊ လအလိုက် ရပ်တည်ရေး ဖြေရှင်း စဉ်းစားရတဲ့ အခြေအနေ ရောက်ဖို့ဆိုတာကတော့ အတော်လေး ခက်ပါလိမ့်မယ်။ အဲဒီမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ပထမဆုံးအကြိမ် အနေနဲ့ အတော်လေး ခေတ်မီပြည့်စုံတဲ့ နိုင်ငံကို တည်ဆောက်ချင်ကြပါတယ်။ ကျနော့်အနေနဲ့ကတော့ ရိုးရိုးသားသား လုပ်နိုင်တာကို လုပ်သွားပါ့မယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ အားလုံးနဲ့အတူ လက်တွဲကူညီ လုပ်ဆောင်သွားပါ့မယ်။”
ဟေတီနိုင်ငံမှာ အခြေအနေ ဆိုးဆိုးဝါးဝါးတွေ အောက်မှာပဲ သူ့အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့လည်း မစ္စတာကလင်တန်က ကုလသမဂ္ဂကို ပြောပါတယ်။ ဇန်န၀ါရီလ ၁၂ ရက်နေ့တုန်းက လှုပ်ခတ်သွားခဲ့တဲ့ ဟေတီငလျင်မှာ ကုလသမဂ္ဂ ၀န်ထမ်း ၉၂ ယောက် သေဆုံးခဲ့ရပြီး ကုလသမဂ္ဂရုံး အဆောက်အဦးလည်း ဆိုးဆိုးဝါးဝါးကြီး ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြု ပြောခဲ့ပါတယ်။