သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေကိုသတ်တဲ့ ထိုင်းရဲအရာရှိ သူ့ကိုယ်သူ အဆုံးစီရင်


ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ လူစုသွားကြတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အမှုအတွက် တရားခံတွေ ဖော်ထုတ်နိုင်ခဲ့ပြီလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီသတ်ဖြတ်မှုအတွက် ရဲအရာရှိတယောက် အပါအဝင် တရားခံ ၆ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ထိုင်းအမှတ် ၆ ရဲတိုင်းမှူး ရဲ ဒုတိယဗိုလ်ချုပ်ကြီး စူလတ်စီက တာ့ခရိုင် မဲဆောက်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ဘန်ကောက်ကိုတက်ပြီး အလုပ်လုပ်မယ့် မြန်မာနိုင်ငံသား ၁၂ ဦးနဲ့ လမ်းပြအဖြစ် လိုက်ပါသူ ၁ ဦး အားလုံး ၁၃ ဦးဟာ ၁၉ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၊ ကျိုက်ပေါင်ရွာကနေ ထွက်လာခဲ့ပြီး မြဝတီမြို့မှာ လူစုခဲ့ကြပါတယ်။ သူတို့တွေဟာ ဇန်နဝါရီလ ၂၂ ရက်က ဖလူးဘက်ကနေ ဝင်ရောက်ခဲ့ပြီး ၂၃ ရက်နေ့ကတော့ ကား ၂ စီးနဲ့ ဘန်ကောက်တက်ဖို့ လုပ်ခဲ့ကြပါတယ်။ ၂၄ ရက်နေ့မှာတော့ ပါခါးမိုင်ရွာနဲ့ ပါခါးကောင်ရွာကို ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ ဘန်ကောက်ကိုတက်မယ့် တောလမ်းမှာပဲ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တရားခံတွေထဲမှာ ဖွတ်ဖမြို့နယ်က ရဲတဦး ပါဝင်ပတ်သက်နေကြောင်း ရဲဗိုလ်ချုပ်ကြီး မစ္စတာ စူလတ်ဆီက ဒေသခံ သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ စစ်ဆေးတွေ့ရှိချက်အရ ပြစ်မှုကျူးလွန်သူက ၆ ယောက် ဖြစ်ပါတယ်။ ပထမဦးဆုံး တာဝန်ရှိသူက ထိုင်းရဲတယောက် ဖြစ်ပါတယ်။ သူကတော့ ၄၈ ကီလိုက ဂိတ်မှာ တာဝန်ကျတဲ့ ရဲအရာရှိ ဖြစ်ပါတယ်။ ကျန်တာကတော့ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်သူများ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

တရားခံအဖြစ် အဓိက တာဝန်ရှိတဲ့ ရဲအရာရှိကတော့ အမှုမှန် ပေါ်လာပြီ ဖြစ်တဲ့အတွက် ၃၀ ရက်နေ့က သူ့ဘာသာသူ လုပ်ကြံပြီး သေဆုံးသွားခဲ့ပါပြီ။ ကျန်တဲ့သူတွေကိုတော့ ဒီနေ့မှာပဲ ဖမ်းဝရမ်း ထုတ်ထားကြောင်း ကြေညာပြောဆိုထားပါတယ်။

ရဲဗိုလ်ချုပ်ကြီးရဲ့ သုံးသပ်ချက်အရ လူကုန်ကူးသူတွေ အချင်းချင်း ငွေကြေး အဝေမတည့်တာကနေ ဖြစ်တာလို့ ယူဆရကြောင်း ပြောသွားပါတယ်။

ရဲဗိုလ်ချုပ်ကြီး ရှင်းလင်းတဲ့အထဲမှာ ၂၇ ရက်နေ့က အမျိုးသမီးနဲ့ အမျိုးသား အလောင်း ၂ လောင်းကို မဲဆောက်ဧရိယာ အတွင်းမှာ တွေ့ခဲ့ရကြောင်း၊ ၂၈ ရက်နေ့မှာတော့ အမျိုးသမီးနဲ့ အမျိုးသား ၂ လောင်းကို ဖွတ်ဖမြို့နယ်ထဲမှာ တွေ့ခဲ့ရကြောင်း၊ ၃၁ ရက်နေ့မှာတော့ အုန်းဖန် မဲဆောက်လမ်းက ၅၇ ကီလိုနေရာမှာ ၂ လောင်း၊ ၅၁ ကီလိုမှာ ၁ လောင်းကို တွေ့ခဲ့ရပြီး အလောင်းတွေက အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖွတ်ဖမြို့နယ် ရဲဂိတ်မှာ ဖမ်းမိသူ ၉ ဦးရှိပြီး ၂ ဦး ပျောက်ဆုံးနေတာကြောင့် သေဆုံးသွားပြီလို့ပဲ ယူဆရကြောင်းတွေကို ပြောပါတယ်။ ၁၃ ဦးထဲက လမ်းပြတဦးနဲ့ ၃ ဦးကတော့ အသက်မသေဘဲ လွတ်မြောက်သွားတဲ့အတွက် ဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို သိရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြန်မာတွေကို အစုလိုက် အပြုံလိုက် ဦးဆောင်သတ်ဖြတ်သူက မိမိကိုယ်ကို လုပ်ကြံပြီး သေဆုံးသွားခဲ့ပြီး ကျန်တဲ့သူတွေက အသက် ၅၀ အရွယ် နိုင်စိုင်၊ အသက် ၂၀ အရွယ် နိုင်ရှုလို၊ အသက် ၅၀ အရွယ် နိုင်လွတ်တာ၊ အသက် ၄၀ အရွယ် နိုင်စုံချစ်၊ အသက် ၂၀ အရွယ် နိုင်ဆပ်တို့ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဖမ်းဝရမ်း ထုတ်ထားပေမဲ့ ဖမ်းမမိကြသေးဘူးလို့ ဆိုပါတယ်။ တရားခံတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ဖို့အတွက် အပူတပြင်း ကြိုးစားသွားမယ်လို့ ရဲဗိုလ်ချုပ်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG