သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသား လွှတ်ဖို့ ကင်တားနား တိုက်တွန်း


ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမားစ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ၅ ရက်ကြာ ခရီးစဉ်နဲ့ အခုလလယ်ပိုင်းမှာ မြန်မာပြည်ကို သွားပါလိမ့်မယ်။ အခုတခေါက် ခရီးစဉ်ဟာ စစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်ခင် သွားရောက်မယ့် ခရီးစဉ်ဖြစ်လို့ ထူးခြားမှုတချို့ ရှိလာလိမ့်မယ်လို့လည်း သူက မျှော်လင့်နေပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အနေနဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့လည်း မစ္စတာ ကင်တားနားက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနားက အခု ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာပြည်ကို သွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ရဲ့ ထူးခြားချက်က ဘာတွေဖြစ်လိမ့်မလဲလို့ မစ္စတာ ကင်တားနားကို မေးကြည့်တော့…

“ရခိုင်ပြည်နယ်ကို သွားနိုင်ဖို့ မြန်မာစစ်အစိုးရကို မေတ္တာရပ်ခံထားပါတယ်။ အခြေခံအားဖြင့် အဲဒီဒေသမှာ ရှိနေတဲ့ မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သိနိုင်ဖို့ပါ။

“နောက်တခုက အရင်အခေါက်တွေကနဲ့ မတူတဲ့ အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံပြီး ကျနော်တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို သူတို့ တကယ်ပဲ ပြန်လွှတ်ပေးချင်စိတ် ရှိရဲ့လားဆိုတာကို သိချင်တာပါ။” လို့ ပြောသွားခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ၂၀၀၈ ခုနှစ် မေလက စပြီး မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တာပါ။ အရင်က မြန်မာပြည်ကို ၂ ကြိမ် သွားရောက်ခဲ့ပြီးပါပြီ။ နောက်ဆုံးတခေါက် ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခု ဖေဖော်ဝါရီလတုန်းက သူ့ရဲ့ မြန်မာပြည် ခရီးစဉ်မှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ အခုတခေါက်လည်း တွေ့ခွင့်ရဖို့ သူ ထပ်တောင်းဆိုထားပါတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ထပ်တောင်းဆိုထားရတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေမဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့သူ ဖြစ်တယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ အားလုံးနဲ့ ဆန့်ကျင်နေတာပါ။” လို့ ပြောခဲ့ပါတယ်။

မကြာခင် ရက်ပိုင်းမှာပဲ မစ္စတာ ကင်တားနား မြန်မာပြည်ကို သွားတော့မယ် ဆိုပေမဲ့ ပြဿနာက သူ မြန်မာပြည်ရောက်ပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်ကို မြန်မာအာဏာပိုင်တွေဘက်က အတည်မပြုသေးတာပါပဲ။

“အခုခရီးစဉ်ရဲ့ သွားရမယ့်ရက်နဲ့ ပြန်ရမယ့်ရက်ကိုတော့ အတည်ပြုချက် ရထားပြီ ဆိုပေမဲ့ မြန်မာပြည်မှာ လုပ်ကိုင် သွားလာရမယ့် အစီအစဉ်ကိုတော့ အခုချိန်ထိ ညှိနှိုင်းနေရတုန်းပါပဲ။ ဒါဟာ တော်တော် အဆင်မပြေတာပါ။ ခရီးစဉ်မတိုင်ခင် ရက်တွေမှာ လုပ်ရမယ့် အစီအစဉ်ကို သိပါရစေလို့ မြန်မာအစိုးရကို ကျနော် အမြဲတမ်း ပြောပြောနေတာပါ။” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

အခုခရီးစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနား မျှော်လင့်ထားတာ တခုကတော့ ရွေးကောက်ပွဲ မတိုင်ခင် သွားရမှာမို့ လူ့အခွင့်အရေးကို လေးစားတဲ့အကြောင်း မြန်မာအာဏာပိုင်တွေဘက်က ပြသလိမ့်မယ် ဆိုတာပါပဲ။

“ကျနော် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန် စပြီး ထမ်းဆောင်ရကတည်းက တောင်းဆိုထားတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့်တွေကို မြန်မာစစ်အစိုးရ အနေနဲ့ စပြီး ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့တာပါ။ အခုနှစ်က ရွေးကောက်ပွဲတွေ ကျင်းပဖို့ မြန်မာစစ်အစိုးရက စီစဉ်ထားတာကြောင့် အကောင်အထည် ဖော်ရမှာတွေ အများကြီး ရှိပါတယ်။

“လူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင် ရွေးကောက်ပွဲတွေဟာ လူ့အခွင့်အရေးကို လေးစားရပါလိမ့်မယ်။ မြန်မာအာဏာပိုင်တွေ နားလည်ထားသင့်တာက ရွေးကောက်ပွဲ ဒီနှစ်ထဲမှာ လုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးသင့်တယ် ဆိုတာပါပဲ။” လို့ ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG