သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-ဥက္ကဋ္ဌ ဦးတင်ဦး မကြာမီလွတ်မည်ဟု NLD မျှော်လင့်


မေ ၃၀ ဒီပဲယင်း အရေးအခင်း ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း မကြာခင်မှာ ပြည့်တော့မှာမို့ သူ့ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း NLD ပါတီနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် ၆ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေ အနေနဲ့ သူ့ကို ထိန်းသိမ်းထားတဲ့ရက် စေ့တဲ့နေ့မှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ NLD ပါတီ အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ၁၃ ရက်နေ့ဆိုရင် ဒီဥပဒေအရ ချုပ်နှောင်ထားတဲ့ ကာလကလည်း ကုန်နေပါပြီ။ လွတ်မြောက်ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အန်ကယ် ဦးတင်ဦးက လွတ်လာရင် ပါတီကို ဆက်လက် ဦးဆောင်မယ်။ ကျနော်တို့လည်း ပိုပြီး အားရှိတာပေါ့။”

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့ သားလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသန့်ဇင်ဦးကလည်း ဖခင်ဖြစ်သူကို ဘာပြစ်မှုမှမရှိဘဲ ဖမ်းဆီးထားတာမို့ လွတ်ရက်စေ့တဲ့နေ့မှာ ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“ကျနော်တို့လည်း မျှော်လင့်ချက် အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အတိုင်းဆို လွတ်ရက်ကလည်း စေ့နေပြီ။ လွတ်ရက်မစေ့တောင် သူ့အနေနဲ့ တခြား ဘာမှ ပြစ်မှုကျူးလွန်ခဲ့တာ မရှိတဲ့အတွက်ကြောင့် ဒီမတိုင်ခင်မှာလည်း ပြန်လွှတ်ဖို့ ကောင်းတယ်၊ ပြန်လွှတ်ပေးသင့်ပြီလို့ ကျနော် ယူဆပါတယ်။ လက်ရှိ အာဏာရှိတဲ့ အစိုးရလက်ထဲမှာ ရှိတော့ လွှတ်မယ်ဆိုလည်း သူတို့သဘော၊ မလွှတ်ဘူးဆိုလည်း သူတို့သဘော၊ ကျနော်တို့ကတော့ လွှတ်ဖို့သင့်ပြီ၊ လွှတ်ပေးလိမ့်မယ်လို့ ယုံလည်း ယုံကြည်တယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။”

တကယ်လို့ ဦးတင်ဦး အနေနဲ့ ပြန်လွတ်လာရင် သူ့ရဲ့ လက်ရှိ ပါတီရာထူးဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ ရာထူးကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“သူကတော့ လက်ရှိ ဒုတိယဥက္ကဋ္ဌလေ၊ ဒီတာဝန်ကို သူ ဆက်လက် ထမ်းဆောင်မှာပါ။ ဒီအတိုင်းပဲ ဖြစ်မှာပါ။”

ဦးတင်ဦးဟာ လောလောဆယ်မှာ ကျန်းမာရေးအရ ဆိုးဆိုးရွားရွားကြီး စိုးရိမ်ရတဲ့ အနေအထားမှာ မရှိလှပေမဲ့ မကြာခင် ရက်ပိုင်းအတွင်းကပဲ နှလုံးခွဲထားရတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ ကျနော် နေ့ရက်မသိဘူး၊ အန်ကယ်ဦးတင်ဦးက နှလုံးခွဲထားတယ်လို့ ကျနော် သိရပါတယ်။ ခွဲတယ်ဆိုတာတော့ သိပါတယ်။ သိပ်မကြာသေးပါဘူး၊ တပတ် ဆယ်ရက်ပါ။”

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အရင်ကလည်း ကျောက်ကပ်မှာ ကျောက်တည်လို့ ခွဲစိပ်ကုသမှု ခံယူခဲ့ရဖူးပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က သေနတ်မှန်ထားတဲ့ ဒဏ်ရာတွေက ပြန်နာတာ၊ ခြေထောက်မှာ သွေးကြော ပြန်ထုံးတဲ့ရောဂါ စတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို ဒီပဲယင်း အရေးအခင်း အပြီးမှာပဲ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။ ဖမ်းဆီးပြီးပြီးချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်ကို ပို့ခဲ့ပေမဲ့ ဦးတင်ဦးကိုတော့ ကလေးမြို့ အကျဉ်းထောင်ကိုပို့ပြီး ၉ လလောက် ချုပ်နှောင်ထားခဲ့တာပါ။

အဲဒီနောက်မှာတော့ ပုဒ်မ ၁၀(ခ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေနဲ့ အာဏာပိုင်တွေက သူ့ကို ရန်ကုန်က နေအိမ်မှာပဲ အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG