မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြားက ထွက်ပြေးလာရင်း ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ကရင်ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ရင်း ပြန်ပို့မယ့် အစီအစဉ်တွေ ယာယီအားဖြင့် ရပ်ဆိုင်းသွားပါပြီ။ ဒါပေမဲ့လည်း ဒီအထဲက ဒုက္ခသည် တချို့ကတော့ ဒီကနေ့ပဲ အတင်းအကျပ် ပြန်ပို့တာကို ခံခဲ့ရတာဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေ အောက်မှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ လုပ်နေလို့ ကန့်ကွက်မှုတွေကြားက နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့မယ့် အစီအစဉ်အပေါ် ဝေဖန်မှုတွေ တဖွဲဖွဲ ထွက်ပေါ်လာတဲ့နောက် အခုလို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ပြန်ပို့မယ့် ဒေသတွေဟာ ဘေးအန္တရာယ် မကင်းတဲ့နေရာ၊ မြေမြှုပ်မိုင်း ဗုံးတွေရှိရာ နေရာတွေ ဖြစ်တာမို့ အစီအစဉ်တွေကို ဖျက်ဖို့ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ကစ်တီ မက္ကင်းဇီး (Kitty McKensey) ကတော့ ဒုက္ခသည်တွေ အတွက် ကူညီဆောင်ရွက်နေသူတွေဆီက နောက်ဆုံးသိရတဲ့ သတင်းတွေအရ ပထမဆုံး အသုတ်အဖြစ် ဒီကနေ့ နေရပ်ရင်း ပြန်ပို့ဖို့ အစီအစဉ်တွေကို ဒီကနေ့မှာပဲ ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"နေရပ်ရင်း ပြန်ပို့တဲ့ အစီအစဉ်တွေ ဒီနေ့ မရှိခဲ့ပါဘူး။ ပြန်ပို့မယ့် အစီအစဉ်တွေ ရွှေ့ဆိုင်းလိုက်ပါတယ်။ နေရပ်ရင်း ပြန်တဲ့ ကိစ္စတွေဟာဆိုရင်လည်း ကိုယ့်သဘောဆန္ဒအတိုင်း ဖြစ်ဖို့၊ နေရပ် ကျေးရွာတွေကို ပြန်ပို့တဲ့ အခါမှာလည်း မြေမြှုပ်မိုင်းတွေ မရှိတဲ့ ဘေးအန္တရာယ် ကင်းရှင်းတဲ့ အခြေအနေတွေ ဖြစ်စေဖို့ အာမခံချက်ရှိအောင် ကျမတို့က ထိုင်းအစိုးရ အာဏာပိုင်တွေနဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
မူလ အစီအစဉ်အရဆိုရင် ထိုင်းစစ်တပ်က ကိုယ့်ဆန္ဒသဘောနဲ့ နေရပ်ရင်း ပြန်မယ့် ဒုက္ခသည် ၁၅၀ ကို ဒီကနေ့ ပထမဆုံး အသုတ် အဖြစ်နဲ့ ပြန်ပို့ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း မိမိဆန္ဒအရ ပြန်ကြမယ့် လူတွေလို့ ထိုင်းစစ်တပ်က ပြောဆိုနေတဲ့ မိသားစု ၃၀ က လူဦးရေ ၁၅၀ ထဲက အတော်များများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လူတွေ့မေးမြန်းမှုတွေ လုပ်တဲ့ အခါမှာတော့ ပြန်လိုတဲ့ ဆန္ဒရှိကြောင်း မတွေ့ရတာမို့ အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့တာလို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။
"UNHCR ဝန်ထမ်းတွေ ဒီအထဲက လူအတော်များများနဲ့ သွားတွေ့ပြီး မေးမြန်းတဲ့အခါမှာတော့ တကယ်တမ်း ပြန်လိုတဲ့ ဆန္ဒ အစစ်အမှန် ရှိတယ်ဆိုတာမျိုး အတည်ပြုပေးနိုင်တဲ့ အခြေအနေမျိုး ကျမတို့ မတွေ့ရပါဘူး။ သူတို့ ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်တယ် ဆိုတာ သေချာပေါက် ကျမတို့ မပြောနိုင်ပါဘူး။ ဒီအတွက် ကျမတို့ စိုးရိမ်မကင်း ဖြစ်ရတာတွေ၊ မြန်မာနိုင်ငံကို ပြန်ပို့တဲ့ အစီအစဉ်တွေဟာ မိမိသဘောနဲ့သာ ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကို ကျမတို့အနေနဲ့ အခိုင်အမာ ကိုင်စွဲထားကြောင်းကို လည်း ပြောခဲ့တာပါ။ ပြန်ပို့မယ့် အစီအစဉ်တွေကို ဆိုင်းငံ့ဖို့ အတွက်လည်း ကျမတို့ တိုက်တွန်းခဲ့ပါတယ်။"
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကြုံခဲ့ရလို့ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး မြန်မာနိုင်ငံ နယ်စပ်အနီး ထိုင်းနိုင်ငံ Tha Song Yang ခရိုင်မှာ ခိုလှုံနေကြတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည် ၁,၇၀၀ ကို ထိုင်းလုံခြုံရေး အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံကနေ နှင်ထုတ်ဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို ဒီကနေ့ ဆိုင်းငံ့လိုက်တယ် ဆိုပေမဲ့လည်း အနည်းဆုံး ဒုက္ခသည် မိသားစု ၃ စု ကတော့ ထိုင်းလုံခြုံရေး အာဏာပိုင်တွေရဲ့ အတင်းအကျပ် ဌာနေပြန်ပို့တာကို ခံခဲ့ရတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကရင်အမျိုးသမီးအဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဖြစ်တဲ့ နော်ဘလူမင်းနှိုက်ဇံ က ပြောပါတယ်။
"စစ်တပ်အနေနဲ့ကတော့ ည ၂ နာရီလောက်မှာ အကုန်လုံး ထွက်သွားတယ်။ ဒါပေမဲ့ သူတို့ ဒီမနက်မှာ ဘယ်လို ထလုပ်သလဲဆိုတော့ ဒီမနက်မှာ နောင်ဘိုး ရွာသူကြီးကို ခိုင်းပြီးတော့ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အတင်းဆောင်ရွက် ခိုင်းတဲ့အချိန်မှာ ဟိုခြောက်ဒီခြောက် လုပ်တဲ့အခါကျတော့ ဒုက္ခသည် အိမ်ထောင်စုနှစ်စုက သူ့အထုတ်အပိုးလေးတွေနဲ့ အပြင်ထွက်သွားတယ်။ ဒါပေမယ့် သူတို့ ဟိုဘက်ကမ်းကိုတော့ မရောက်ဘူး။ ဒီနေ့ ၅ ရက်နေ့ပဲ မနက် ၉ နာရီခွဲ လောက်မှာကျတော့ စစ်တပ်က ပြန်လာတယ်။ ဒါပေမဲ့လို့ စစ်အဝတ်အစားနဲ့ ပြန်မလာဘဲနဲ့ အရပ်အဝတ်အစားနဲ့ ပြန်လာပြီးတော့ အရပ်သားကားကိုလည်း သူတို့စွဲလာတယ်။ ဒုက္ခသည်တွေကို အတင်းကားပေါ်ကို တက်ခိုင်းတယ်။ သူတို့ ခြောက်လှန့်ပြောပြီးတော့ ဒုက္ခသည်အိမ်ထောင် သုံးစု ကားပေါ်ကို အတင်းတက်ရတယ်။ မတက်လို့လည်း မရဘူး။ မတရား ဆူပူပြီးတော့ ခြိမ်းခြောက်တာပေါ့။ အဲဒီ သုံးအိမ်ထောင်ထဲမှာ လူဦးရေ ၁၀ ယောက် ပါသွားတယ်။ အဲဒီ ၁၀ ယောက်ထဲမှာ အမျိုးသမီး ၃ ယောက်လည်း ပါတယ်။ အဲဒီတော့ ဟိုဘက်ကမ်းအထိ သူတို့ပို့ခိုင်းလိုက်တယ်။ နောက်တော့ ဘာဖြစ်လဲ ကျမတို့ ခုထက်ထိ ဆက်သွယ်လို့မရသေးဘူး။ ပြီးလို့ရှိရင် အမျိုးသမီး ၃ ဦးထဲမှာ ယောက်ျားမပါသွားတဲ့ တယောက်လည်း ပါတယ်။ ယောက်ျားက ကျန်ရစ်ခဲ့ပြီးတော့ သူချည်းပဲ ပါသွားတယ်။ သူတို့ ပစ္စည်းတွေလည်း သေချာ မထုပ်ပိုးရသေးဘူး။ ကားပေါ် အတင်းမောင်းတင်တော့ သူတို့တက်ရတယ်။ အဲဒီလို ရှိနေတယ်။"
ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရမယ့် ဒေသတွေဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ထိန်းချုပ်ရာ၊ မြေမြှုပ်မိုင်းတွေ ရှိရာ နေရာတွေ ဖြစ်တာမို့ အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ထိုင်းအာဏာပိုင်တွေကို လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်း ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ မနေ့တုန်းက ဆိုရင်လည်း၊ အမေရိကန် ပြည်ထောင်စုက လွှတ်တော်အမတ် ၃၀ လောက်က ဝိုင်းဝန်း လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေကို ပြန်မပို့ဖို့ တိုက်တွန်းခဲ့တာ ဖြစ်သလို၊ ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ လူ့အခွင့်အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်း ၃၅ ခုက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာ ချီ၀ ကို အလားတူ တိုက်တွန်းတဲ့စာတစောင်ကို လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ တုန်းကတော့ အိမ်နီးချင်း လာအိုနိုင်ငံက Hmong ဒုက္ခသည် ၄,၅၀၀ ကို အလားတူ ပြည်တွင်း ပြည်ပက က ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ ကြားကပဲ နေရပ်ရင်းကို အတင်းအကျပ် ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။