သုတေသန အဏုမြူဓါတ်ပေါင်းဖိုတခု လိုချင်တဲ့အတွက် အကူအညီပေးဖို့ ဗမာစစ်အစိုးရက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ IAEA () ကို ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ အကြောင်းကြားပါတယ်။ လက်ခံနိုင်လောက်တဲ့ အန္တရာယ်ကင်း အစီအစဉ်တွေလုပ်ပြီးရင် ကူညီမယ်လို့ IAEA အဖွဲ့က အကြောင်းပြန်လိုက်ပါတယ်။ အဲဒီနောက် ရုရှားအကူအညီနဲ့ အဏုမြူသုတေသန ဓါတ်ပေါင်းဖို့ တည်ဆောက်ဖို့ ၂၀၀၇ ခုနှစ်မှာ သဘောတူပါတယ်။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ သဘောတူပါတယ်။ ဒါပေမဲ့ ၂၀၀၉ စက်တင်ဘာလအထိ အဏုမြူဓါတ်ပေါင်းဖို့ မတည်ဆောက်ရသေးဘူးလို့ ဗီယင်နာမြို့  IAEA ညီလာခံမှာ ဗမာစစ်အစိုးရကိုယ်စားလှယ် ဦးတင်ဝင်း က ပြောသွားပါတယ်။ ဒါဟာ ဗမာစစ်အစိုးရရဲ့  နောက်ဆုံးထွက်ဆိုချက် ဖြစ်ပါတယ်။
မြန်မာအဏုမြူဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းနေတာ (၁၀) နှစ် နီးပါး ရှိသွားပါပြီ။ ဒီ အတောအတွင်းမှာ ရုရှားကိုမြန်မာပညာသင် အများအပြားစေလွှတ်ပြီး အဏုမြူအတတ်ပညာ လေ့လာစေတယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောက်ရွက်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့မှ ဗမာစစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မယုံသင်္ကာ ဖြစ်လာတာပါ။ ဒါကြောင့် အများထင်သလို တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို သုံးသပ်ထားတဲ့ သုတေသနစာတမ်းကို ဝါရှင်တန်မြို့  အခြေစိုက် သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံမှုလေ့လာရေးဌာနက လွန်ခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က ထုတ်ဝေလိုက်ပါတယ်။ ကျွမ်းကျင်သူ သုတေသီ (၄) ဦး စုပေါင်းရေးသားထားတဲ့ စာတမ်းဖြစ်ပါတယ်။
အဏုမြူစွမ်းအင်ကိစ္စမှာ နာမည်ပျက်နေတဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ဗမာစစ်အစိုးရတို့ ပူးတွဲဆောင်ရွက်နေကြတယ်ဆိုတဲ့ သတင်းထွက်နေတုန်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်တဲ့ ဗမာစစ်မစ်ရှင် ၂၀၀၈ နိုဝင်ဘာလမှာ ပြုံးယမ်းကို သွားရောက်လေ့လာတဲ့အတွက် အဏုမြူလက်နက်ရယူဖို့ ကြိုးစားနေတယ်ဆိုတာကို လူပြောများလာတာ ဖြစ်ပါတယ်။ အတိုက်အခံအုပ်စု၊ သုတေသီ နဲ့ သတင်းသမားတွေကလည်း ဗမာစစ်အစိုးရရဲ့  လျှို့ ဝှက်အဏုမြူ စီမံကိန်းအကြောင်း ရေးသားလာကြပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လေလေ သင်္ကာမကင်း ဖြစ်လေလေ ဆိုတဲ့သဘောပါ။ ဆီးရီးယားအဏုမြူ စီမံကိန်းနောက်ဆုံးအဆင့် ရောက်တော့မှ ကမ္ဘာ့ထောက်လှမ်းရေး အေဂျင်စီတွေက သိရှိသွားကြတာမို့ မြန်မာအဏုမြူစီမံကိန်းကို အပြည်ပြည်ဆိုင်ရာက ပိုပြီး စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။
နောက်တချက်ကတော့ မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း အဏုမြူပစ္စည်းတွေ အရောင်းအဝယ်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို လုံခြုံရေးကောင်စီက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရကလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၉၇၄) ကို အပြည့်အဝ လိုက်နာတယ်လို့ ဆိုပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) လွန်ခဲ့တဲ့နှစ် သြဂုတ်လက မြန်မာပြည်သွားတုန်းကလည်း အဏုမြူလက်နက် မထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း ဗမာစစ်အစိုးရက ပြောပါတယ်။
ဗမာစစ်အစိုးရဟာတဦးတည်း အဏုမြူစီမံကိန်းကို အကောင်အထည်မဖော်နိုင်ပါဘူး။ လိုအပ်တဲ့ အဏုမြူအတတ်ပညာ၊ ပစ္စည်းကိရိယာနဲ့ အခြေခံ အဆောက်အအုံတွေအားလုံး နိုင်ငံခြားကို မှီခိုနေရပါတယ်။ ဒီကြားထဲ ဗမာစစ်အစိုးရက မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတဲ့အတွက် ဒီအထဲမှာ အဏုမြူစွမ်းအား ထုတ်လုပ်မှုနဲ့ ပတ်သက်နေတဲ့ပစ္စည်းတွေများ ပါနေသလားဆိုပြီး သံသယဖြစ်နေကြတာပါ။ လုံခြုံရေးကောင်စီက မဆက်ဆံဖို့ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား နမ်ချုံဂိုဏ်းကုမ္မဏီနဲ့ ဗမာစစ်အစိုးရ အဆက်အသွယ်ရှိနေတာဟာလည်း မသင်္ကာစရာပါ။ ဆီးရီးယားရဲ့  အဏုမြူဓါတ်ပေါင်းဖိုကို လျှို့ ဝှက်တည်ဆောက်ရာမှာ နမ်ချုံဂိုဏ်းကုမ္မဏီဟာ အဓိက အခန်းကပါဝင်ခဲ့တာမို့ နေရာတကာမှာ လျှို့ ဝှက်တတ်တဲ့ ဗမာစစ်အစိုးရကို မသင်္ကာကြတာ ဖြစ်ပါတယ်။
ဗမာစစ်အစိုးရဟာ ခေတ်မီအဆင့်မြင့် သိပံ္ပနဲ့ အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူတင်သွင်းနေပါတယ်။ ဥပမာ ဂျပန်အစိုးရ ခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ Magnetometer ကို ခွင့်ပြုချက်မယူပဲ မြန်မာပြည်ကို တင်ပို့ဖို့ကြိုးစားနေတဲ့ ဂျပန်နှစ်ဦး နဲ့ မြောက်ကိုရီးယားတဦး တို့ ဂျပန်မှာ အရေးယူခံနေရပါတယ်။ ဒီ စက်ပစ္စည်းဟာ ရှေးဟောင်းသုတေသနလုပ်ငန်းနဲ့ ဘူမိရူပဗေဒ လုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ဒုံးလက်နက် ပစ်ခတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ကြောင်း သိရပါတယ်။ ဒီလို အရပ်ဘက်ရော၊ စစ်ဘက်ပါသုံးလို့ရတဲ့ အဆင့်မြင့် စက်ပစ္စည်းတွေကို ဗမာစစ်အစိုးရ လက်အောက်ခံဌာနတခုက ဂျာမဏီ နဲ့ ဆွစ်ဇလန်မှာလည်း ဝယ်ယူနေပါတယ်။ ဒါကြောင့် တချို့ ကလည်း မြောက်ကိုရီးယားအတွက် ဗမာစစ်အစိုးရက ဝယ်ပေးနေတာလားလို့ သင်္ကာမကင်း ဖြစ်နေကြပါတယ်။
ရရှိထားတဲ့ ဓါတ်ပုံ၊ မြေပုံအထောက်အထားတွေကို အသေအချာ လေ့လာစီစစ်တဲ့အခါမှာ အဏုမြူစီမံကိန်း အကောင်အထည်ဖော်နေတယ်ဆိုတဲ့ သုံးသပ်ချက်ဟာ မခိုင်လုံဘူးလို့ သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးဌာနက သုတေသီ (၄) ဦးက မှတ်ချက်ချပြောဆိုထားပါတယ်။ ဒါပေမဲ့ လျှို့ ဝှက်စွာ လုပ်ကိုင်တတ်တဲ့ ဗမာစစ်အစိုးရ အကျင့်ကြောင့် တနေ့မှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်အောင် ရေရှည်စီမံကိန်းချပြီး ကြိုးပမ်းနေတယ်လို့ သင်္ကာမကင်းဖြစ်နေတာဟာလည်း မှန်ကန်ကြောင်း သုံးသပ်တင်ပြထားပါတယ်။