သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ စစ်မှန်မှု ဖိလစ်ပိုင် မေးခွန်းထုတ်


မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကို စက်တင်ဘာလလောက်မှာ ကျင်းပဖွယ်ရှိပေမဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ရွေးကောက်ခံခွင့်ရမှာ မဟုတ်ဘူးဆိုရင်တော့ လုပ်ဇာတ်ကြီး ပဲ ဖြစ်လိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မစ္စတာရိုမူလိုက သောကြာနေ့မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စက်တင်ဘာလ ပတ်ဝန်းကျင်လောက်မှာ ကျင်းပမယ်လို့ မိမိယုံကြည်ကြောင်း၊ မိမိတို့ ကြားထားတာတွေ အရ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖွယ်ရှိတယ်လို့ ယုံကြည်ကြောင်း မစ္စတာရိုမူလိုက ပြောပါတယ်။

ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲမျိုးကျင်းပဖို့ တကယ်တမ်း အလေးအနက်ရှိတယ်ဆိုတာကို ပြချင်ရင် မြန်မာ စစ်အစိုးရ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဝင်နိုင်အောင် ပိတ်ပင် တားမြစ်နိုင်ခြေ ရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့ကိုလည်း ပိတ်ပင်နိုင်ခြေရှိတယ်လို့ ဆိုပါသေးတယ်။ အဲဒီလိုသာ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကိုယ်ပိုင်လမ်းပြမြေပုံဟာ အတုအယောင်ဖြစ်ပြီး ရွေးကောက်ပွဲဟာလည်း လုပ်ပွဲကြီးပဲဖြစ်ပါလိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့တော်၊ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG