သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူး အင်တာနက်သုံးသူတွေရဲ့ မှတ်တမ်းယူဖို့ ညွှန်ကြား


ပဲခူးမြို့က အင်တာနက်ကဖေးဆိုင်ပိုင်ရှင်တွေကို မြို့အာဏာပိုင်တွေက မနေ့က ခေါ်ယူပြီး ဆိုင်တွေမှာ အင်တာနက် လာသုံးသူတွေရဲ့ နာမည်နဲ့ နေရပ်လိပ်စာတွေ စာရင်းပြုစုထားရမယ်ဆိုပြီး ညွန်ကြားချက် ထုတ်ပြန်ခဲ့တယ်လို့ အင်တာနက်ဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။ အကြောင်းပြချက် တစုံတရာမရှိဘဲ အခုလို ရုတ်တရက် ညွန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အင်တာနက် သုံးစွဲခွင့် လွတ်လပ်မှုမရှိတဲ့ မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရက တင်းကျပ်မှုတွေ တဖြည်းဖြည်း လုပ်ဆောင် ရာမှာ အခုဆိုရင် ပဲခူးမြို့က အင်တာနက်ကဖေးတွေမှာ ဘယ်သူလာအသုံးပြုတယ်ဆိုတာကို စာရင်းပြုစုထားဖို့ အင်တာနက်ဆိုင် ပိုင်ရှင်တွေအားလုံးကို ခေါ်ယူပြီး မနေ့ကပဲ ပဲခူးမြို့ မယက ဥက္ကဌက ညွန်ကြားချက် ထုတ်ပြန်ခဲ့လို့ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ အင်တာနက်ဆိုင်တွေ အကုန်လုံးကို သူတို့က လာသုံးတဲ့သူတွေရဲ့ နာမည်၊ နေရပ်လိပ်စာ အကုန်လုံးကို အတိအကျ ကောက်ပြီးတော့ စာအုပ်တအုပ်နဲ့ စာရင်ပြုစုထာပေးပါတဲ့။ အဲဒီလိုပြောတယ်။”

ပဲခူးမြို့ အင်တာနက်ဆိုင်ပိုင်ရှင်တွေကို အခုလို ခေါ်ယူပြောကြားတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီမှာတော့ အင်တာနက်နဲ့ပတ်သက်ပြီးတော့ ပြဿနာတက်တယ်ဘာတယ် မကြားဘူးပေါ့။ ဒါလည်း အစည်းအဝေးခေါ်တာ ဒါ ပထမဆုံးအကြိမ်ပေါ့။ ကျနော်တို့လည်း ဘာမှန်းမသိဘူး။ ဟိုရောက်တဲ့အခါကျတော့ မယက ဥက္ကဋ္ဌ ကနေပြီးတော့ အင်တာနက်ဆိုင်တွေကို လာသုံးတဲ့သူတွေကို စာရင်းပြုစုထားရမယ်။ နောက်ပြီးတော့ မောင်ဖြူက ဘယ်အချိန်ကနေ ဘယ်အချိန်အထိ သုံးသွားတယ်ပေါ့။ အဲဒီလိုမျိုးကိစ္စတွေကို စာရင်းလုပ်ထားရမယ်။ သူတို့ လိုအပ်လို့ရှိရင် အဲဒီစာရင်းတွေကို လာစစ်မယ်လို့ပြောတယ်။ အခါအားလျော်စွာ သူတို့လိုအပ်တဲ့အချိန်ကို လာစစ်မယ်လို့ပြောတယ်။”

လွတ်လပ်တဲ့နိုင်ငံတွေမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့ အင်တာနက်ကို ကြိုက်သလို အကန့်အသတ်မရှိ အတားအဆီးမရှိ သုံးစွဲခွင့်ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအပါအဝင် တရုတ်စတဲ့ အာဏာရှင်နိုင်ငံတွေမှာတော့ အင်တာနက်တွေကို အကန့်အသတ်နဲ့ သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အင်တာနက်ဝက်ဆိုက်တွေကို တက်ရောက် ကြည့်ရှုခွင့်မရအောင် တားဆီး ပိတ်ပင်ထားတာပါ။

ဒါကြောင့်လဲ အင်တာနက်ဆိုင်တွေအနေနဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေကို တက်မကြည့်ကြဖို့ ဆိုင်အတွင်းမှာ စာကပ်ထားကြရပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ် ဆိုင်တွေမှာ စဖွင့်ကတည်းက ဆိုင်နံရံတွေမှာ နိုင်ငံရေးပတ်သက်တဲ့ ဝက်ဘ်ဆိုက် လုံး၀ သုံးစွဲခွင့် မပြုပါဘူးပေါ့။ အဲဒီလိုရေးရတာပေါ့။ အခု သူတို့ပြောလိုက်တဲ့ အနေအထားအရဆိုလို့ရှိရင် တယောက်ချင်းစီ လာသုံးတယ်ပေါ့။ ကျနော်တို့ကတော့ အမြဲသုံးနေကျသူတွေကိုတော့ သူတို့ကို ရင်းနှီးပြီးသားဆိုတော့ သူတို့ရဲ့ နေရပ် လိပ်စာကိုလည်း သိပြီးသားပေါ့။ သိပ်ပြဿနာ မရှိဘူးပေါ့။ တကယ်လို့ အဲဒီအထဲမှာမှ လူစိမ်းတွေဘာတွေ လာသုံးတယ် ဆိုရင်တော့ ကျနော်တို့ အဆင်ပြေအောင်၊ သူ့အတွက်လည်း အနှောက်အယှက် မဖြစ်အောင် ကျနော်တို့က မေးပြီးတော့ စာရင်းထဲထည့်ထားပေးရမှာပေါ့။”

နိုင်ငံတကာမှာ High Speed လို့ခေါ်တဲ့ အမြန်နှုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေ ကောင်းမွန်တိုးတက်နေပေမဲ့ မြန်မာနိုင်ငံက အင်တာနက်လိုင်းတွေကတော့ ခုချိန်ထိ နှေးကွေးလွန်းနေတုန်း ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံက စစ်အစိုးရက သူတို့လူတွေကို ရုရှားတို့ စင်ကာပူတို့ကို စေလွှတ်ပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်နိုင်အောင် အဆင့်မြင့် နည်းပညာတွေ သင်ကြားစေခဲ့တာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးက သက်သေဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်းရေးကာလအတွင်း သံဃာတော်တွေ မေတ္တာပို့ကြွချီတဲ့ သတင်းနဲ့ ဓါတ်ပုံတွေကို အချိန်နဲ့အမျှ Blog လို့ခေါ်တဲ့ ကိုယ်ပိုင်အင်တာနက် ဝက်ဘ်ဆိုက်တွေကနေ ပြည်ပသတင်းမီဒီယာတွေကတဆင့် ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့ ကြတဲ့ အတွက် စစ်အစိုးရရဲ့ လုပ်ရပ်တွေ ပေါ်လွင်စေခဲ့ပါတယ်။

အခုလည်း ရန်ကုန်နဲ့ ပဲခူးမြို့အပါအဝင် နေရာတော်တော်များများမှာ အင်တာနက် ဆက်သွယ်မှုတွေ နှေးကွေးနေတယ်လို့ ပြည်တွင်းမှာ ပြောဆိုမှုတွေ ထွက်ပေါ်နေတယ်လို့ အဲဒီ ဆိုင်ပိုင်ရှင်ကပဲ အခုလို ဆက်ပြောပြပါတယ်။

“ဒီရက်ပိုင်းမှာ အင်တာနက်လိုင်းတွေက သိပ်မကောင်းဘူးလေ။ ရန်ကုန်တို့ဘာတို့က တချို့ဆိုင်တွေဆိုရင်လည်း လိုင်း သိပ်မကောင်းလို့ ဆိုင်ပိတ်ထားရတယ်လို့ ကြားတယ်။”

ခုချိန်ထိ ပဲခူးမြို့မှာ အင်တာနက်ဆိုင် စုစုပေါင်း ၂၀ လောက်ရှိပြီး ဒီဆိုင်အများစုရဲ့သက်တမ်းဟာ အခုမှ တနှစ်လောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG