ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာအရင်နေ့က ဗုံးပေါက်ကွဲ တိုက်ခိုက်မှုကြောင့် လူ ၃၃ ယောက်ထက်မနဲ သေဆုံးပြီး လူ ၁၇၀ ကျော် ဒဏ်ရာရသွားတဲ့အတွက် ကြေကွဲနေကြသူ ထောင်သောင်း များစွာတို့ဟာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ကြားကပဲ စုဝေးနေကြပါတယ်။
တညအတွင်းမှာ ထပ်ပြီးသေကြလို့ သေဆုံးသူဦးရေ တိုးလာခဲ့တာပါ။ တမာန်တော် မိုဟာမက်ရဲ့ မြေးတော် ကွယ်လွန်ခဲ့ခြင်း ဘာသာရေး အထိမ်းအမှတ် ရက်လေးဆယ် ပြီးဆုံးသွားတဲ့အတွက် သောကြာနေ့မှာ ၀တ်ပြု ဆုတောင်းပွဲအပြီး ဘုရားဖူးများ တင်ဆောင်ထားတဲ့ ဘတ်စ်ကားကို ဗုံးဖောက်ခွဲ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံဆီ အပြေးအလွှား သယ်ဆောင်သွားစဉ် ဆေးရုံအ၀မှာ နောက်ထပ် ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ ဆေးရုံဝင်းအတွင်းမှာပဲ တတိယဗုံးတလုံးကို မပေါက်ကွဲခင်မှာ စနက်တံ ဖြုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။
အသေခံ ဗုံးဖောက်ခွဲသမားဟာ ဘုရားဖူးများ တင်ဆောင်ထားတဲ့ ဘတ်စ်ကားအနီးကို ကပ်လာပြီးတော့ သူစီးလာတဲ့ မော်တော်ဆိုင်ကယ်ပေါ်ကနေ စနက်တံများ ဖြုတ်ပြီးတော့ ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။
ကရာချိမှာ ဆူနီ မူဆလင်များနဲ့ ရှီယာ မူဆလင်တို့ကြား ဂိုဏ်းကွဲခြင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။