သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အနုပညာရှင်တွေရဲ့ နယူးယောက်မြို့ ပန်းချီပြပွဲ


အမေရိကန်ရောက် မြန်မာနိုင်ငံသား ပန်းချီအနုပညာရှင်တွေစုပေါင်းပြီး ပန်းချီပြပွဲတခုကိုဖေဖော်ဝါရီလ ၇ ရက် မြန်မာ စံတော်ချိန် တနင်္ဂနွေနေ့မနက် ၇ နာရီခွဲမှာ နယူးယောက်မြို့တော်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ ပန်းချီ အနုပညာရှင် ၁၇ ယောက်ရဲ့ပန်းချီ၊ ဓာတ်ပုံ၊ ပန်းပု၊ သရုပ်ဖော်အနုပညာ၊ ဗွီဒီယိုအနုပညာနဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားတွေကို ပြသမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီးတင်ပြထားပါတယ်။

ဒီပန်းချီအနုပညာပြပွဲကို ခေတ်ပြိုင်မြန်မာအနုပညာ - စိတ်ကူးနှင့်စံများလို့ အဓိပ္ပါယ်ဆိုရမယ့်နာမည် ပေးထားပါတယ်။ ဒီပြပွဲစီစဉ်သူတွေထဲမှာ တဦးဖြစ်တဲ့ ပန်းချီအနုပညာရှင်မချောအိသိမ်းကို ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ မေးခဲ့ပါတယ်။

"အဓိကရည်ရွယ်ချက်ကတော့ ပန်းချီပညာရှင်တွေပေါ့၊ အမေရိကန်ကိုရောက်နေတဲ့၊နိုင်ငံခြားကိုရောက်နေတဲ့ မြန်မာ အနုပညာရှင်တွေ ဘာတွေ စဉ်းစားနေကြလဲပေါ့၊နောက်ပြီးတော့ သူတို့ရဲ့အနုပညာစံ ဘယ်လောက်ရှိလဲပေါ့၊ နောက် သူတို့ ဒီ နိုင်ငံခြားကို ရောက်နေတဲ့အခိုက်မှာ သူတို့ရဲ့ မိခင်နိုင်ငံနဲ့ သူတို့ရဲ့လူမျိုးပေါ့နော်၊ ပြည်သူပြည်သားတွေအတွက် သူတို့ အနုပညာနဲ့ ဘာတွေလုပ်ပေးနေကြသလဲပေါ့၊ ဒီဟာတွေကိုဒီမှာရှိတဲ့လူတွေ သိအောင်ပေါ့နော်၊ နောက် ဗမာ့ယဉ်ကျေးမှုနဲ့ ဗမာဆိုတာ အနောက်တိုင်းသားတွေအနေနဲ့ သိအောင် မြင်အောင်ပေါ့၊ သူတို့ရဲ့အနုပညာနဲ့ သူတို့ဘယ်လိုဘာတွေ တင်ပြ နိုင်မလဲပေါ့ နော်၊ အဓိကကတော့ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပွဲလုပ်ဖြစ်တာပဲ။"

ဟုတ်ကဲ့၊ မချောအိသိမ်းကလည်း ပန်းချီအနုပညာနဲ့ပဲ ဆက်စပ်ပြီးတော့ လှည့်လည်သွားလာပြီး လုပ်နေတာဆိုတော့ အမေရိကန်နိုင်ငံသားတွေ၊ အနောက်နိုင်ငံသားတွေမြန်မာ့ပန်းချီအနုပညာအပေါ်မှာ စိတ်ဝင်စားမှု အတိုင်းအတာ အခြေအနေ ဘယ်လိုများတွေ့ရပြီးပြီလဲခင်ဗျ။"

အမှန်တော့ အဲဒီဟာက ရှိတယ်၊ ဒါပေမဲ့ ကျမတို့က ဘာလို့လဲဆိုတော့ တဘက်မှာက ဒီ အနုပညာဖန်တီးနေတဲ့ အနုပညာရှင်နဲ့ သူ့ရဲ့အနုပညာတွေ ရှိတယ်ပေါ့ နော်။တဘက်မှာက ဒီ အနုပညာတွေကိုကြည့်ချင်တဲ့၊ ဒီအနုပညာတွေကို ၀ယ်ချင်တဲ့၊တွေ့ချင်တဲ့ ခံစားချင်တဲ့လူတွေ ရှိတယ်ပေါ့ နော်။ ဘာလိုလဲဆိုတော့ အဲဒီကြားထဲမှာပေါင်းကူးပေးမယ့် တံတား တခု လိုတာပေါ့။"ဆက်သွယ်ပြီးအလုပ်လုပ်မယ့် အခြေအနေလေးတခုပဲ လိုတာ။ အဲဒီအခြေအနေရှိရင်ကျမတို့ ဒီဟာကို သူတို့ ဘာမှ စိတ်မ၀င်စားစရာမရှိဘူး။ စိတ်လည်းစိတ်ဝင်စားတယ်။အခု ဒီပွဲမှာဆိုရင် ကျမတို့ အများကြီးတွေ့ရတာပေါ့။ သူတို့တွေ မြင်ခွင့် တွေ့ခွင့်ရတယ်၊သူတို့စိတ်ဝင်စားတယ်၊ နောက်ပိုင်းပွဲတွေလုပ်ချင်လို့တောင် သူတို့ စကားပြောလာတာ တွေ ရှိတာပေါ့ နော်။"

ဒီပွဲမှာ ပန်းချီကားတွေအပါအ၀င် အနုပညာဖန်တီးမှုလက်ရာပေါင်း ၃၀ ကျော် ပြသမှာဖြစ်ပါတယ်။ အဲဒီ အနုပညာဖန်တီးမှု လက်ရာတွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားနှစ်ချပ်လည်း ပါပါတယ်။ အဲဒီ ပန်းချီကားတွေကိုရေးဆွဲတဲ့ ပန်းချီအနုပညာရှင် ကိုမျိုးသိန်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီ ရေးဆွဲဖြစ်တာနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ပုံ ဆွဲတယ်ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေ တောင့်တနေတဲ့ ဒီမိုကရေစီ ပေါ့ လေ၊ ဒီမိုကရေစီရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရအောင်ဖန်တီးနိုင်မှာ သူတယောက် ပဲ ရှိတဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် (ပုံတူ) ပန်းချီကား ဆွဲထားရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ပြောရလို့ရှိရင်တော့ အရှည်ကြီးပေါ့လေ၊ ဒေါ်အောင်ဆန်းစုကြည် (ပုံတူ) ကိုဘာ့ကြောင့် ဆွဲရတယ် ဆိုတာကတော့ …။"

ဟုတ်ကဲ့၊ တပုံက ဒေါ်အောင်ဆန်းစုကြည် ပိတောက်ပန်း ပန်ထားတဲ့ပုံတွေ့ရပါတယ်၊နောက်တပုံကတော့ တော်တော်ကြီးတဲ့ ပုံပါပဲ။ အဲဒီပုံအကြောင်း ပြောပြပါလား။"အဲဒီပန်းချီကားက ၅ ပေ၊ ၉ ပေ ရှိတယ်ခင်ဗျ။ ဆိုတော့ ကားက တော်တော်လေး ကြီးပါတယ်။ အဲဒီကားကို ကျနော် Acrylic နဲ့ ဆွဲထားတယ်။ အဲဒီကားနာမည်ကOur Hands ဆိုပြီးတော့ ကျနော် နာမည် ပေး ထားပါတယ်။ မြန်မာလိုတော့ 'ငါတို့လက်များ'ပေါ့။ "အဲဒီပန်းချီကားကို ကျနော့်မိသားစုရဲ့လက်တွေနဲ့ ဆွဲထားတယ်။ ကျနော့် အမျိုးသမီးရယ်၊ ကျနော်ရယ်၊ ကျနော့်သမီးလေးရယ်၊ ကျနော်တို့ သုံးယောက်လက်နဲ့။ တကယ်တော့ ကျနော်လိုချင်တာက မြန်မာပြည်တပြည်လုံးမှာရှိတဲ့ လူတွေရဲ့လက်တွေရယ်၊တကမ္ဘာလုံးမှာရှိတဲ့ လက်တွေကိုလိုချင်တာ၊ ဒါပေမဲ့ …. ကျနော် လောလောဆယ်ဒီပန်းချီကားမှာ အရောင်လေးမျိုးနဲ့ ကျနော့်မိသားစုသုံးယောက်လက်တွေနဲ့ ဖန်တီးပြီးတော့ ကျနော် ဆွဲထားပါတယ်။ အဲဒါ Our Hands ပါ။"

နယူးယောက်ပန်းချီပြပွဲမှာ ပြသမယ့်ထဲက ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေကိုရေးဆွဲသူ ကိုမျိုးသိန်းထွန်း ပြောပြသွားတာပါ။

ဒီပြပွဲကိုအမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်က New York Open Centerမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ပြသမှာဖြစ်ပါတယ်။ ပြပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ နမူနာပန်းချီကားတချို့ကို http://www.opencenter.org/ အင်တာနက်စာမျက်နှာမှာ ၀င်ကြည့်လို့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG