အမေရိကန်နိုင်ငံ အလယ်ပိုင်း အတ္တလန်တိတ် ဒေသတလျှောက် မှတ်တမ်းတင်လောက်တဲ့ ဆီးနှင်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့တာကြောင့် အခု ဒေသခံတွေ အဲဒီ ဆီးနှင်းတွေကို ရှင်းလင်းကြရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံးပြီး သိန်းပေါင်းများစွာလည်း လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့နေကြပါတယ်။
အဲဒီ ဆီးနှင်းမုန်တိုင်းကြောင့် မြို့တော် ဝါရှင်တန် ဒီစီမှာလည်း နှင်းတွေ ၂ ပေကျော်လောက် ကျခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ မြို့တော်ရဲ့သမိုင်းမှာ အဆိုးဆုံး မုန်တိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
တခြားပြည်နယ်တွေဖြစ်တဲ့ နယူးဂျာစီ ပြည်နယ်ကနေ တောင်ဘက်အခြမ်းက ဗာဂျီးနီးယား ပြည်နယ်အထိ မုန်တိုင်း တောက်လျှောက် တိုက်ခဲ့တာမို့ လျှပ်စစ်မီးတွေ ပြတ်တောက်၊ သစ်ပင်တွေကျိုးကျ ဖြစ်ခဲ့ပါတယ်။
လေဆိပ်တွေ ပိတ်ပြီး မီးရထားတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။ ခေါင်မိုးပေါ်ကို နှင်းတွေပိခဲ့တဲ့အတွက် ဝါရှင်တန်မြို့ အပြင်မှာရှိတဲ့ ဒါးလပ်စ် (Dulles) နိုင်ငံတကာ လေဆိပ်က အမိုးပြိုကျခဲ့ပါတယ်။
ဆီးနှင်းကျခဲ့တဲ့ သောကြာနေ့ကနေ စနေနေ့အထိ ၂၄ နာရီ ကာလအတွင်း အလယ်ပိုင်း အတ္တလန်တိတ် ဒေသတလျှောက် အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။