သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော


မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ SSA အဖွဲ့ကတော့ လက်နက်ကိုင် တိုက်ပွဲကိုပဲ ဆက်ပြီး ဆင်နွှဲသွားမယ်လို့ ရှမ်းပြည် အမျိုးသားနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို မယုံကြည်တဲ့အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်နိုင်သေးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထိုင်းနယ်စပ်နဲ့ သိပ်မဝေးတဲ့ SSA ရှမ်းပြည်တပ်မတော် ဌာနချုပ် လွိုင်တိုင်းလန်းမှာ SSA တပ်ဖွဲ့ဝင်တွေ ၆၃ ကြိမ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၁,၀၀၀ လောက် စစ်ကြောင်းတွေခွဲပြီး အခမ်းအနားမှာ ချီတက်ခဲ့ပါတယ်။ အခမ်းအနားမှာ ၁၉၄၇ ခုနှစ်က ရှမ်းပြည်အတွက် သီးသန့်ရေးဆွဲထားတဲ့ အလံကို လွှင့်ထူထားပါတယ်။

SSA ရှမ်းတပ်မတော်ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် (Yawd Serk) ကတော့ AK 47 မောင်းပြန်သေနတ်တွေ၊ M 16 သေနတ်တွေ ကိုင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။

“ကျနော်တို့ ညီညီညွတ်ညွတ် သင့်သင့်မြတ်မြတ်နဲ့ ရှမ်းပြည်နယ် ပြန်ရအောင် တိုက်ကြမယ်။” လို့ အခမ်းအနားမှာ သူက ပြောသွားတာပါ။

ဒီလို SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောဆိုလိုက်တဲ့ အချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား တင်းမာမှုတွေ ပိုပြီး ကြီးထွားလာနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့အချိန် ဖြစ်သလို အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ မြန်မာစစ်အစိုးရက ဖိအားပေးနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ထိုင်းနယ်စပ် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဒီလို လက်နက်ကိုင် လမ်းစဉ်ကို မစွန့်နိုင်သေးတာဟာ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေက တိုင်းရင်းသားတွေရဲ့ တန်းတူရေး အခွင့်အရေးတွေကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဖြစ်တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖြစ်မယ်လို့တော့ ထင်တယ်။ သို့သော်လည်း ၁၉၉၀ ခုနှစ်မှာ အနိုင်ရရှိခဲ့တဲ့ NLD တို့၊ SNLD တို့ရဲ့ ခေါင်းဆောင်တွေက ထောင်ထဲမှာ ရှိနေတယ်ဆိုတော့ ဒီရွေးကောက်ပွဲဟာ ဘာများ အဓိပ္ပာယ်ရှိမှာလဲ၊ အဲလို မေးခွန်းထုတ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ ဒီနည်းနဲ့ ဒီမိုကရေစီ တည်ဆောက်မယ်ဆိုတာ ဆုံကြီးကို တောင်ပေါ် တွန်းတင်တာနဲ့ အတူတူပါပဲလို့ အဲလိုပဲ မြင်တယ်။”

မြန်မာစစ်အစိုးရကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ချမှတ်ထားတယ်လို့ ပြောဆိုပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ကို အတင်းအကျပ် ဖိအားပေးနေပေမဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးက ဒီလို ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူသေးတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့အတွက် ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသွင်ပြောင်းရေးကိစ္စက ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် လုပ်ဆောင်မယ့် ကိစ္စတခုလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။

SSA တောင်ပိုင်းဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တဖွဲ့ မဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ကမ်းလှမ်းထားတဲ့ အထဲမှာ မပါပါဘူး။

ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေအပေါ် စစ်အစိုးရဘက်က ချဉ်းကပ်ပုံတွေကလည်း တဖွဲ့နဲ့တဖွဲ့ ချဉ်းကပ်ပုံ မတူဘူးလို့ ပြောဆိုနေပါတယ်။

“သူတို့ မူအရ လက်ခံတယ်လို့ ဒီလိုပဲ ရှိတယ်။ ဒါပေမဲ့ နအဖက မူအရ လက်ခံတယ်ဆိုရင်လည်း ဒါက လက်ခံတာပဲ ဆိုပြီးတော့ သူတို့ကို ပြည်သူ့စစ် တပ်ဖွဲ့တွေ ဖွဲ့ဖို့ ညွှန်ကြားလာတာပဲ ရှိတာပေါ့။ ဝဆိုရင် မူအရ လက်ခံတယ်ဆိုပေမဲ့ ဝကို သူက ဘာမှ မဆွေးနွေးတော့ဘူး။ သို့သော်လည်း SSA ကျတော့ မူအရ လက်ခံတယ်ဆိုရင် ခင်ဗျား ဖွဲ့ဖို့ ပြင်တော့ဆိုပြီး တခါတည်း ညွှန်ကြားတယ်။ မုန်းလားအဖွဲ့က မူအရ လက်ခံတယ်ဆိုတော့ လူစာရင်း၊ လက်နက်စာရင်း ပေးပါဆိုပြီး တောင်းတယ်။ သူက တဖွဲ့ချင်းကို ချဉ်းကပ်ပုံ မတူဘူးဆိုတာကို ပြောပြတာပါ။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက မြန်မာစစ်အစိုးရ အနေနဲ့ သူတို့လိုချင်တဲ့ အပြောင်းအလဲတွေကို အင်အားသုံးပြီး အတင်းအကျပ် မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ ပြသလိုက်သလို ဖြစ်နေပါတယ်။

ဒီလို ပြောင်းလဲမှုတွေကြောင့် ဆယ်စုနှစ်ချီ ကြာခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ် ချုပ်ငြိမ်းသွားမလား ဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများအပြား ရှိနေသလို အကဲခတ်တွေ တော်တော်များများကလည်း မယုံကြည်ကြပါဘူး။

လက်နက်ကိုင် အင်အား ၁၀,၀၀၀ လောက်ရှိတဲ့ SSA ကတော့ တိုင်းရင်းသား အခွင့်အရေးကို လက်နက်ကိုင် ကာကွယ်မှ လုံခြုံစိတ်ချရသလို လက်နက်ကိုင်တိုက်မှ ရမယ်လို့ ယုံကြည်ထားဆဲ ဖြစ်တဲ့အကြောင်း ၆၃ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားမှာ သေနတ်တွေ ပစ်ဖောက် ပြသကြပါတယ်။

ဒီသေနတ်သံတွေကပဲ ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အိပ်မက်တခုဖြစ်တဲ့ တောင်တန်းဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်နယ်ပြည်မ တန်းတူရေး ဆိုတဲ့ ရည်မှန်းချက်တွေ အလှမ်းဝေးနေသေးတယ် ဆိုတာကို သက်သေပြလိုက်သလိုလည်း ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG