သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန် (Anifah Aman) က တောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ကလည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ တောင်းဆိုချက်ကို ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက် ပို့စ် (Bangkok Post) သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့အတူ တညီတညွတ်တည်း တောင်းဆိုနေပါတယ်လို့လည်း ဆိုပါတယ်။

အခုလို မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ တောင်းဆိုချက်ကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ဝင်လည်းဖြစ်၊ မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အမှုဆောင် အကြီးအကဲလည်း ဖြစ်တဲ့ မလေးရှား လွှတ်တော်အမတ် ထရီဇာကော့က ထောက်ခံတယ်လို့ ပြောပါတယ်။

“ကျမအနေနဲ့ ကျမတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမန်ရဲ့ တောင်းဆိုချက်ကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးသမား အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လုပ်ရမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ သောင်မတင် ရေမကျ ဖြစ်နေရာက ၁၉၉၀ နောက်ပိုင်း နှစ် ၂၀ ကြာမှ ရွေးကောက်ပွဲကို ထပ်လုပ်ဖို့အတွက် မြန်မာအာဏာပိုင်တွေက ပြောလာပေမဲ့ NLD ပါတီဝင်တွေနဲ့ တခြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို ထိန်းသိမ်း အကျဉ်းချထားတာမို့ ဒီလူတွေ မပါဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။” လို့ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို အောက်တိုဘာလ ဝန်းကျင်မှာ လုပ်ပေးမယ့် သဘောမျိုး မြန်မာနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက် လုပ်ဆောင်မှုတွေဟာ ၇၀% ပြီးစီးနေပြီလို့လည်း လပိုင်းအတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲ အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) မဖိတ်ခေါ်ဘဲ လာခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်ပြီး တိုးခဲ့တာဟာ နိုဝင်ဘာလရောက်မှ သက်တမ်းပြည့်တော့မှာမို့ တကယ်လို့ ဒီသက်တမ်းပြည့်ချိန် ရွေးကောက်ပွဲ ပြီးချိန်မှာမှ လွှတ်ပေးမယ်ဆိုရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ မစ်စ် ထရီဇာကော့က ပြောပါတယ်။

“တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမယ်ဆိုရင် ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ လိုပါတယ်။” လို့ မစ်စ် ထရီဇာကော့က ပြောသွားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ မြန်မာနိုင်ငံမှာ အမှန်တကယ် လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG