သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း


သီရိလင်္ကာနိုင်ငံမှာ ဧပြီလ အစောပိုင်းကျရင် ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပလို့ လွယ်ကူအောင် သမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda Rajapaksa) က လက်ရှိပါလီမန်ကို ဖျက်သိမ်းလိုက်ပါတယ်။

အင်္ဂါနေ့ည သန်းခေါင်အချိန်မှာ စတင်အကျုံးဝင်မယ့် သမ္မတရဲ့ အမိန့်ကြေညာချက်ဟာ သီရိလင်္ကာရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်၊ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆာရတ်သ် ဖွန်ဆီကာ (Sarath Fonseka) ကို ဖမ်းဆီးပြီး နောက်တနေ့မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

မစ္စတာဖွန်ဆီကာကိုတော့ တိုင်းပြည်အပေါ် သစ္စာဖောက်မှု၊ သမ္မတအပေါ် မဟုတ်မတရား ကြံစည်မှုတွေနဲ့ စစ်ခုံရုံးတင်မယ်လို့ သီရိလင်္ကာ အစိုးရက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ရာဂျာပက်ခ်ဆာက ဗိုလ်ချုပ်ကြီး ဖွန်ဆီကာကို အလွယ်တကူ အနိုင်ရလိုက်ပေမဲ့ ဗိုလ်ချုပ်ကြီးကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တယ်လို့ မခံယူသေးပါဘူး။

သီရိလင်္ကာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကလည်း ပြောပါတယ်။ မစ္စတာဘန်ကီမွန်း အနေနဲ့ သမ္မတ ရာဂျာပက်ခ်ဆာနဲ့ စကားပြောဖို့ စီစဉ်ထားပြီး သီရိလင်္ကာ အစိုးရ အနေနဲ့ မစ္စတာဖွန်ဆီကာအမှုမှာ မှန်ကန်တဲ့ တရားဥပဒေ နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီဆားကီး (Martin Nesirky) က အင်္ဂါနေ့မှာ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG