အာဖဂနစ္စတန်ရှိ လူသွားများတဲ့ နှင်းတောင်တက်လမ်းတခုမှာ ရေခဲတုံးတွေနဲ့ နှင်းတွေ ပြိုကျပြီးနောက် အသက်ရှင် ကျန်ရစ်သူတွေရော သေဆုံးတဲ့ ရုပ်အလောင်းတွေကိုပါ အာဖဂန်မြောက်ပိုင်းက စစ်သားတွေနဲ့ ဒေသခံ ကယ်ဆယ်ကူညီရေး သမားတွေ တွေ့ရှိခဲ့ပါတယ်။
ကဘူးမြို့တော်နဲ့ မြောက်ပိုင်း မာဇာ အီ ရှရစ်ဖ် (Mazar-i-Sharif) မြို့အကြား ဆက်သွယ်ထားတဲ့ မီတာ ၃,၄၀၀ အရှည် နှင်းတောင်တက်လမ်းမှာ အခုလို ရေခဲနဲ့နှင်း ပြိုကျမှုကြောင့် သေဆုံးသူဟာ အနည်းဆုံး ၁၆၅ ယောက် ရှိမယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေဟာ ရဟတ်ယာဉ်တွေနဲ့ ကြီးမားတဲ့ ၀န်ချီစက်ပစ္စည်းတွေ အသုံးပြုပြီးတော့ လူပေါင်း ၂,၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရက်အတန်ကြာ နှင်းတွေ ထူထူထဲထဲ ကျဆင်းတာကြောင့် အခုလို ရေခဲနဲ့နှင်းတွေ ပြိုကျတာဖြစ်ပြီး လမ်းနေရာအချို့ နှင်းတွေထဲ နစ်မြုပ်သွားသလို ဥမင်လမ်းလည်း ပိတ်ဆို့သွားပါတယ်။
ရေခဲနဲ့နှင်း ပြိုကျတဲ့အရှိန်နဲ့ ခရီးသည်တင်ကား ၂ စင်းနဲ့ အခြားကား အတော်များများ နက်ရှိုင်းတဲ့ချောက်ထဲ ကျသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အခုလို သေဆုံးသူတွေအတွက် ၀မ်းနည်းကြေကွဲကြောင်း သမ္မတကာဇိုင်းက ကြေညာပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အာဖဂန် အများပြည်သူ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီ ပေးသွားဖို့ သမ္မတကာဇိုင်းက ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။